ရှေးကာလက အောင်မြေ ၉-ဌာနဟု သာမန်မျှသာ ကြားဖူးပါသည်။ သို့ရာတွင် ထိုအောင်မြေ ၉-ဌာနအမည်ဖြင့် မည်သည့်ရာဇဝင်၊ သမိုင်းမှတ်တမ်း၌မျှမတွေ့ရပေ၊ တစ်စိတ်တစ်ဒေသကိုသာတွေ့ရှိရ သည်။ စင်စစ်ကား အောင်မြေ ၉-ဌာနမှာ အစဉ်အလာပြောကြားချက်အရသာ မှတ်တမ်းတင်ထား ကြခြင်း ဖြစ်သည်။ သမိုင်းမှတ်တမ်းများဖြင့် တိုက်ဆိုင်ကြည့်လျှင် အထက်အောင်မြေ အမှတ်-၃၊ အမှတ်-၅၊ အမှတ်-၈၊ အောက်အောင်မြေ အမှတ်-၂၊ အမှတ်-၅၊ အမှတ်-၈ တို့သည် သာသနာ ၁ဝ၁၊ ဒွတ္တပေါင်ခေတ်၊ အထက်အောင်မြေ အမှတ်-၂၊ အမှတ်-၆၊ အမှတ်-၇၊ အမှတ်-၉ တို့သည် သာသနာ ၇၂၄၊ မျက်နှာပုမင်းလက်ထက်၊ အထက်အောင်မြေ အမှတ်-၄ သည် သာသနာ-၂၂၉၆၊ အလောင်းဘုရားခေတ်၊ အောက်အောင်မြေ အမှတ်-၁၊ အမှတ်-၇ တို့သည် သာသနာ ၂၃၂၅၊ အမရပူရ ဘိုးတော်ဦးဝိုင်း၊ ပထမံဦးအောင်တို့ခေတ်၊ အောက်အောင်မြေ အမှတ်-၆ သည် သာသနာ ၂၃ဝ၅၊ အင်းဝမင်းရဲကျော်ခေါင် ခေတ်၊ အောက်အောင်မြေ အမှတ် ၉-သည် သာသနာ ၂၄၄၅၊ သီဟိုဠ်ဆရာတော် ဦးပတိဿကြွရောက် စိုက်ပျိုးသောခေတ်တို့ရောက်မှ ပေါ်ပေါက်လာဟန်ရှိပါသည်။ အောက်အောင်မြေ အမှတ်-၃၊ အမှတ်-၄ တို့နှင့်စပ်လျဉ်း၍ စတင်တည်ဆောက်သည့် အထောက်အထားကို မတွေ့ရဘဲ သာသနာ ၂၄ဝ၂၊ မင်းတုန်းမင်းခေတ်ရောက်မှ ပြန်လည်မွမ်းမံသည်ကို တွေ့ရသည်။ ဤသည်ကား သာမန်ပုဂ္ဂိုလ်တို့ သတ်မှတ်ပြောကြားနေကြသော အောင်မြေ ဒြပ်ဝတ္ထုတို့ စတင်တည်ဆောက် ပေါ်ပေါက်ချိန်တို့ကို ဆန်းစစ်ပြခြင်းမျှသာဖြစ်ပေသည်။ စင်စစ်အားဖြင့် အောင်မြေမှန်သမျှသည် လက်တွေ့အဓိဋ္ဌာန်ဝင်သူတို့ထံမှသာ ကြားသိရခြင်း ဖြစ် သည်။ ဤတွင် ကိုးနဝင်းနှင့် စပ်လျဉ်း၍ တင်ပြလိုပါသည်။ ကိုးနဝင်းသည် ‘၉’ မှ ‘၁ဝ၈’ အထိ ၁၂-မျိုးရှိသည်။ အားလုံး ကိုးချည်းသာဖြစ်ပြီး ဂမ္ဘီရ အရာဖြစ်၍ ၉-မှန်သည် ၁၀၈-မှန်သည်ဟု စာရေးသူတို့က ဆုံးဖြတ် နိုင်စွမ်းမရှိပါ။ စာရေးသူသည် ရွှေဆံတော်စေတီတော်သို့ လာရောက်၍ အဓိဋ္ဌာန်ဝင်ကြသော ပုဂ္ဂိုလ်များစွာတို့နှင့် တွေ့ဖူးပါသည်။ အချို့မှာ သာမန်ရည်ရွယ်ချက်ဖြင့် အဓိဋ္ဌာန်ဝင်ရန်လာသူများ ဖြစ် ကြသည်။ အချို့မှာ မနောအာရုံဖြင့် ဘယ်ဌာနပြီးလျှင် ဘယ်ဌာနဟု အမိန့်ပေးစေခိုင်းခြင်းဖြင့် အဓိဋ္ဌာန် ဝင်ရန်လာကြသူများဖြစ်ကြသည်။ အချို့မှာ အိပ်မက်ဖြင့်လည်းကောင်း၊ နိမိတ်ပညာဖြင့်လည်းကောင်း၊ ညွှန်ပြခံယူခြင်းဖြင့်လည်းကောင်း အဓိဋ္ဌာန်ဝင်ရန်လာကြ သူများဖြစ်ကြသည်။ အချို့မှာ “အညံမညံ၊ စိတ်ဝေဖန်၊ ဝိဇ္ဇာမယံ၊ ဇော်ဂျီပျံ၊ ရသေ့ရှင်မွန်၊ လောကီဈာန်၊ ခေမာ အမတံ၊ ပြည်နိဗ္ဗာန်၊ ရောက်လိမ့်ဧကန်၊ မဂ်အလွန်၊ ဖိုလ်မွန်ရလွယ်ကျိုး၊ တိုး၍သာ၊ ကြံကြစေလေကုန်”ဟူသော အင်္ဂဝိဇ္ဇာကျမ်းရင်း ညွှန်ကြား ချက် အတိုင်း ဓာတ်ကြီး ၄-ပါး၊ မိတ်ရန်၊ ဖိုမ၊ ဝင်ထွက်၊ တက်သက်၊ လက်ဝဲလက်ယာ စသည်တို့ကို ကိုယ်တိုင်ဝေဖန်စိတ်ဖြာ၍ မိမိနှင့် ဓာတ်တည့်အောင် စီစဉ်ကြံဆပြီး အဓိဋ္ဌာန်ဝင်ရန်လာကြသူများ ဖြစ်ကြ သည်။ ယခုတင်ပြထားသော အောင်မြေများသည် ထိုပုဂ္ဂိုလ်တို့၏ ဟောပြောချက်များ သမိုင်းမှတ်တမ်း များကို အခြေပြု၍ ရှာဖွေ တင်ပြထားသော အောင်မြေများဖြစ်ပါသည်။
လေးဆူဓါတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ အတွင်းအောင်မြေ(၉) ဌာန၊ အပြင်အောင်မြေ (၉) ဌာနကို ပြည်မြို့ဇောတိကရုံပါဠိတက္ကသိုလ် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တသူရဓဇ မှ ရှာဖွေမှတ်တမ်းတင်ခဲ့ပါသည်။
ဆရာတော်သည် ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း) သာယာဝတီခရိုင် မိုးညိုမြို့နယ် ပန်းတိုက်ရွာ ခမည်းတော် ဦးမောင်ညွန့်+မယ်တော်ဒေါ်သန်းခင် တို့မှ ၁၃၀၇-ခုနှစ်၊သီတင်းကျွတ်လဆန်း (၁၃)ရက် သောကြာနေ့တွင် ဖွားမြင် သော သားရတနာဖြစ်သည်။၊ ၁၃၁၇-ခုနှစ်၊ကဆုန်လဆန်း(၁၅)ရက်နေ့တွင် ပြည်မြို့အင်ကြင်းမြောင်တောရ ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ ကိုဥပဇ္ဈယ်ပြုလျှက် ပြည်မြို့ ဦးခင်မောင်+ဒေါ်မြင့် တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမဏေ အဖြစ်ရောက်ရှိခဲ့ပြီး၊ ၁၃၂၇-ခုနှစ်၊ ကဆုန်လဆန်း(၉)ရက် နေ့တွင် ပြည်မြို့၊ ဇောတိကာရုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတေဇနိယ ကို ဥပဇ္ဈယ်ပြုလျှက် ပြည်မြို့ ဦးစိုးတင့်+ဒေါ်တင်အေး၊ညီမ ဒေါ်လှလှ၊ဒေါ်သန်းသန်းဆွေ၊ ဒေါ်မြ တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရဟန်း အဖြစ် သို့ ရောက်ရှိခဲ့ပါသည်။ ဆရာတော်သည် မိုးညိုမြို့နယ် ပန်းတိုက်ရွာ ဓမ္မိကာရုံကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တနန္ဒိယ၊ တိုက်အုပ် ဆရာတော် ဘဒ္ဒန္တဝါယမ၊ ဆရာကြီး ဦးသာအေး၊အြည်မြို့နိကြေဓာရုံဆရာတော်၊ ဇောတိကာရုံ ပါဠိတက္ကသိုလ်ကျောင်း နှင့် စာချ ဆရာတော်များ၊ မန္တလေးမြို့ရွှေရေးဆောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝဇီရဗုဒ္ဓိ၊ ဆန်းထွန်း (မန်းတက္ကသိုလ်)၊ ဦးသန်းညွှန့်(မြန်မာနိုင်ငံတော်ပက္ခဒိန်အကြံပေး)တို့၏ အထံ၌ ပရိယတ္တိစာပေ အခြားပညာရပ်များ သင်ယူခဲ့သည်။ အစိုးရ-ပထမငယ်၊ပထမလတ်၊ ပထမကြီးနှင့် သ ဒ္ဓမ္မဝံသပတိဌာပကဓမ္မာစရိယ၊ ဝိနယပါဠိပါရဂူ၊ ဒီဃဘာဏက၊ ပရိယတ္တိသာသနဟိတဒီဃနိကာယ ဘာဏက တို့ကို အောင်မြင်ရရှိခဲ့သည်။ ဆရာတော်သည် ၁၃၄၂-ခုနှစ်မှစ၍ ငယ်၊ လတ်၊ ကြီး ဓမ္မာစရိယာ စာဝါများကို ပို့ချခြင်း၊ မြို့နယ် တိုင်း ဝိနည်းမိုရ်တာဝန်များ၊ ကမ္ဘာအေးကုန်းမြေ၌ စာစစ်တာဝန် ၊ နိကာယ်စာမေးပွဲ ပုစ္ဆာကတာဝန်၊ တိုင်းသံဃနာယက အကျိုးတော်ဆောင်တာဝန်များ ၁၃၇၂-ခုနှစ်မှစ၍ နိုင်ငံတော်သံဃမဟာနာယက တာဝန်တို့ကို ထမ်းဆောင်လျှက် ရှိပါသည်။
လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အဂ္ဂပဒေသ အောင်မြေတော်အကြောင်း မဖော်ပြမီ အောင်မြေနှင့် ပတ်သက်သော မှတ်သားဖွယ်ရာ အချက်များကို ရှေးဦးစွာ ဖော်ပြပါမည်။ အောင်မြေကို (၁) ပကတိအောင်မြေနှင့် (၂) ဝိကတိ အောင်မြေဟူ၍ နှစ်မျိုးခွဲနိုင်ပါသည်။ ‘ပကတိအောင်မြေ’ သည် မီး, ရေ, လေ, မြေ ဓာတ်လေးပါး တို့၏ ထူးခြားသော ဓာတ်ပြုမှုကြောင့် ဖြစ်ပေါ်လာသော မြေဖြစ်သည်။ မြေ၏မူလဘူတစွမ်းအားကြောင့် မနောမယပတ္တမြားကဲ့သို့ စွမ်းအင် သတ္တိရှိသော မြေဖြစ်သည်။ တစ်စုံတစ်ယောက်က အရာဝတ္ထုတစ်ခုခုဖြင့် ပြုလုပ်ဖန်တီးသောကြောင့် ဖြစ်ပေါ်လာသော မြေ မဟုတ်ပေ။ ပကတိစွမ်းအင်ရှိသော မြေဖြစ်သည်။ ဗုဒ္ဓမြတ်စွာ မာရ်ငါးပါးကို အောင်မြင်တော်မူ၍ သုံးလောကထွတ်ထား ဘုရားဖြစ်တော်မူရာ အပရာဇိတပလ္လင်နှင့် ဗောဓိပင်တည်ရာမြေသည် မြေတကာတို့၏ အထွတ်အထိပ် ပကတိအောင်မြေ ပင်ဖြစ်သည်။ ကမ္ဘာမြေကြီးဖြစ်ပေါ်ရာတွင် ယင်းမြေက စတင်ဖြစ်ပေါ်ခဲ့၍ ကမ္ဘာမြေကြီး ပျက်စီးလျှင် ယင်းမြေသည် နောက်ဆုံးမှ ပျက်စီးကြောင်း သုတ်မဟာဝါ အဋ္ဌကထာ၌ ပြဆိုထားသည်။ ဘုရားရှင်တိုင်း သည် ယင်းပကတိအောင်မြေ၌သာ ပွင့်တော်မူကြောင်း ပရိတ်ကြီး (ပုဗ္ဗဏှသုတ်)၌ - “အပရာဇိတ ပလ္လင်္ကေ၊ သီသေ ပုထု ဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပတ္တော ပမောဒတိ။” ဟု ပြဆိုထားပါသည်။ ကလိင်္ဂဗောဓိဇာတ်တွင်မူ ပကတိအောင်မြေနှင့် စပ်လျဉ်း၍ ယင်းပကတိအောင်မြေ၏ အထက် ကောင်းကင်၌ သိကြားနတ်ဗြဟ္မာတို့သည်လည်းကောင်း၊ ဆင်ပျံ မြင်းပျံတို့သည် လည်းကောင်း ဖြတ်သန်း ခြင်းငှာ မစွမ်းနိုင်ဟု ဖော်ပြထားသည်။ အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၌လည်း မြေကြန်အတတ်ကို တစ်ဖက်ကမ်းခတ် တတ်မြောက်သော ကပိလရသေ့၏ ပကတိအောင်မြေနှင့် စပ်လျဉ်းသော မှတ်ချက်ပါရှိလေသည်။ ထိုမှတ်ချက်မှာ “ဤ အောင်မြေပေါ်၌ တည်ဆောက်သောမြို့သည် အဂ္ဂနဂရ မြို့မြတ်ဖြစ်လတ္တံ့။ ဤမြို့အောင်မြေပေါ်၌ မွေးဖွားသော ယောက်ျားတစ်ယောက်သည် ယောက်ျားအရာအထောင်ကို လွှမ်းမိုးအုပ်ချုပ်ခြင်းငှာ စွမ်း နိုင်လတ္တံ့။ ဤအောင်မြေအရပ်၌တည်ရာ ဒွန်းစဏ္ဍားသားသည်လည်း စကြာမင်းစွမ်းပကားဖြင့် အလွန် မြင့်မြတ်သူ ဖြစ်လတ္တံ့”ဟူ၍ ဖြစ်လေသည်။ မန်လည် ဆရာတော်ဘုရားကြီးကလည်း ပကတိအောင်မြေနှင့် စပ်လျဉ်း၍ မဃဒေဝလင်္ကာသစ် ပိုဒ်ရေ(၅၆၇)၌ “တစ်ဆယ့် ရှစ်မင်း၊ ပယ်ကွင်းရပ်သာ၊ စည်မျက်နှာသို့၊ ဇေယျာပထဝီ၊ ဘူသီခရာဇ်၊ မြေနှစ်မဏ္ဍ၊ ကမ္ဘာ့သေတ္တု၊ အောင်ကိန်းစုသား၊ ဇမ္ဗူ့မင်္ဂလာ၊ ဗွေချက်ချာထက်၊ မဟာဗုဒ္ဓဟေ၊ ငါးမာရ်ခြွေသည့်၊ ညောင်ရွှေဗောဓိ၊ သိရီဝေလျှပ်၊ အောင်မြေရပ်ကို၊ အောင်တပ် နင်းတော်မူသတည်း” ဟု စပ်ဆိုခဲ့လေသည်။ ထို့ပြင် ထို မဃဒေဝလင်္ကာသစ် ပိုဒ်ရေ (၅၈၆)၌လည်း “မှတ်လော့နောင်လာ၊ သမိုင်းဖြာပိမ့်၊ မဟာစုံမြိုင်၊ ပန်းစုံလှိုင်လျက်၊ ဂနိုင်ဦးဆောက်၊ ဖြိုးဖြိုးမောက်နှင့်၊ ထက်အောက်သံတောင်၊ ရှစ်ဆယ် အောင်လျှင်၊ ပြိုးပြောင်စက္ကိ၊ နက်သံရှိ၍၊ ဘူမိဇာလ နာမထင်ရှား၊ မြွေကြောင်ကျားကို၊ ဖားကြွက်သမင်၊ အောင်မြင်နိုင်ရာ၊ မော်ကွန်းသာသား”ဟု စပ်ဆိုခဲ့လေသည်။ ထို့ကြောင့် ပကတိအောင်မြေဟူသည် - (၁) မြေပြင်သည် စည်မျက်နှာပမာ ညီညာပျံ့ပျူးနေခြင်း၊ (၂) ယင်းမြေပြင်၌ ဆံမုတ်ဆိတ်မျှသော မြက်ပင်မရှိ ကွက်လပ်ဖြစ်နေခြင်း၊ (၃) ငွေရောင်အဆင်း ဖြူလင်းသောသဲတို့ဖြင့် ကြဲဖြန့် ထားသကဲ့သို့ရှိခြင်း၊ (၄) ထက်ဝန်းကျင်မှ မြက်ချုံနွယ် တောစိုးသစ်ပင်တို့သည် ပင်စည်တန်း၏ အစွမ်းဖြင့် အောင်မြေကို လက်ယာရစ်လှည့်၍ သစ်ရွက်တန်း၏ အစွမ်းဖြင့် အောင်မြေသို့ မျက်နှာမူ ရှေးရှုကာ (ဦးတိုက်ကာ) ပေါက် ရောက်ခြင်း၊ (၅) ခြင်္သေ့, ကျား စသည်တို့က သားသမင်, ဝက်တို့ကိုလည်းကောင်း၊ မြွေ, ကြောင်တို့က ဖား, ကြွက်တို့ကို လည်းကောင်း လိုက်လံဖမ်းဆီးစဉ် ထိုအောင်မြေသို့ ရောက်လာပါက သားသမင်, ဝက်, ဖား, ကြွက်တို့က ပြန်လည်ခြိမ်းခြောက်သဖြင့် ခြင်္သေ့, ကျား, မြွေ, ကြောင်တို့ နောက်ဆုတ် ပြန်ပြေးရခြင်းဟူသော အင်္ဂါရပ် တို့နှင့် ပြည်စုံသော မြေဖြစ်သည်ဟု ဆိုအပ်လေ သည်။ ‘ဝိကတိ’အောင်မြေကိုကား တိတိကျကျဖော်ပြရန် မလွယ်ကူပါ။ လောက၌ လျှို့ဝှက်အပ်သော အရာဝတ္ထု၊ အလွန်တရာ ဆန်းကြယ်သော အရာဝတ္ထုကို ပညာရှင်များ သူတော်စင်များက ဖွင့်ထုတ်ပြော ကြရိုး ထုံးစံမရှိပေ။ ထိုအရာဝတ္ထုတို့သည် သက်ဆိုင်သူတို့၏ နှလုံးအိမ်အတွင်းမှာသာ တည်နေကိန်းနေ လျက်ရှိသည်။ ခိုအောင်း နေလျက်ရှိသည်။ “လူ့ရပ်မပျော်၊ လူစော်လူနံ့၊ ကင်းလန့်ရုပ်ဝါ၊ လူ့ရွှာမရွှင်၊ လူတွင်မဆိတ်၊ နတ်တံဆိပ်နှင့်၊ ဧကသိသ်ဝိဇ္ဇာ၊ ထွက်ရပ်ဖြာ”ဟူသော စကားနှင့်အညီ လူ့ရပ်လူ့ဌာနမှ ထွက်၍ တောတောင်အရပ်၌ လျှို့ဝှက်စွာဖြင့် အမျိုးဘာသာ သာသနာတော်အတွက် တာဝန် ထမ်းဆောင်နေကြသော သိဒ္ဓိရှင်၊ မဟိဒ္ဓိရှင်တို့ကို ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များဟု လူအများက မှတ်ယူလေ့ရှိကြပါသည်။ ထိုပုဂ္ဂိုလ်ထူးတို့သည် (၁၀၈) နဝင်းဓာတ်ကို ခက်ခက်ခဲခဲ မိအောင်ဖမ်း၍ အချို့က ဒေဝသိဒ္ဓိပေါက် ခြင်း၊ အချို့ အမြင်ဓာတ်၊ အကြားဓာတ်နှင့်တကွ အသိဓာတ်၊ မနောမယပညာအရပ်ရပ် ပေါက်ရောက်ခြင်း၊ မဟိဒ္ဓိဓာတ်ပေါက်ရောက်အောင်မြင်ခြင်း ရှိကြကုန်၏။ ထိုပုဂ္ဂိုလ်တို့သည် အမျိုးဘာသာ သာသနာတော်ကြီးနှင့်တကွ ပါရမီရှင်များအတွက် မိမိတို့ကဲ့သို့ ပေါက်ရောက်အောင်မြင် ကြစေရန် မဟိဒ္ဓိဓာတ်တို့ကို ချစိုက်ခဲ့ကြသည်။ အချို့က မဟိဒ္ဓိဓာတ်ချစိုက်ပြီးမှ စေတီတည်ကြသည်။ အချို့တန်ခိုးကြီးဘုရား ပရိဝုဏ်တို့၌ သစ္စာပန္နက်မြွက်ဆို၍ ချစိုက်ခဲ့ကြသည်။ ၄င်းကို အဏုမြူကလာပ်ဟုလည်းကောင်း၊ မိုးကြိုးဓာတ်ဟုလည်းကောင်း၊ နဝင်းဓာတ်ဟုလည်းကောင်း၊ မဟိဒ္ဓိဓာတ်ဟုလည်းကောင်း၊ အောင်မြေဟုလည်းကောင်း ဆိုကြပါသည်။ ယင်းအောင်မြေကို “ဝိဝိဓေန ကရီယတေတိ ဝိကတိ' အလွန်တရာ အထူးထူးအပြားပြား ဆန်းကြယ်စွာသော စွမ်းအင်ဖြင့် ပေါက်ရောက် အောင်မြင်ပြီးသော ပုဂ္ဂိုလ်ထူးတို့က စီရင်အပ်၊ ချအပ်၊ ပြုထားအပ်သောကြောင့် “ဝိကတိ အောင်မြေ”ဟု ဆိုကြပါသည်။ ဝိကတိ အောင်မြေဓာတ်သည်လည်း ဖန်တီးသူ၏ အား၊ ဖန်တီးအပ်သော စွမ်းအားပေါ်မူတည်၍ အောင်မြင်ရေး ‘အား’ ဖြစ်လျက်ရှိသည်။ ယင်းအောင်မြေနှစ်မျိုးလုံးကို အင်္ဂလိပ်အဘိဓာန်တို့၌ 'a vantage ground' အခွင့်အလမ်းသာသောမြေဟု လည်းကောင်း၊ ပါဠိအဋ္ဌကထာဋီကာတို့၌ 'အဂ္ဂပဒေသ’, ဇေယျ ပထဝီ, ဇေယျ ဘူမိ' စသည်ဖြင့်လည်းကောင်း ပြဆိုထားပါသည်။ သိဒ္ဓိရှင် ပုဂ္ဂိုလ်ထူးတို့၏ ပြောကြားချက်အရလည်းကောင်း၊ ယင်းပုဂ္ဂိုလ်ထူးတို့နှင့်အတူ ပါဝင်ခဲ့ ဖူးသော တပည့်များ၏ ပြောကြားချက်အရလည်းကောင်း၊ သမိုင်းမှတ်တမ်းများအရ လည်းကောင်း၊ ပြည်ရွှေဆံတော်၌ ‘ဇေယျပထဝီသိမ်အောင်မြေ'သည် ပကတိအောင်မြေဖြစ်၍ ကျန်အောင်မြေ(၁၇)ဌာန သည် ဝိကတိအောင်မြေများ ဖြစ်လေသည်။