<<ရှေ့သို့  

လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော်သမိုင်း







ဘဝရှင်မင်းတရားကြီး အင်းဝကို အောင်မြင်ခြင်း


သက္ကရာဇ် ၁၁၁၅-ခု၊ ပြာသိုလဆန်း(၉)ရက်နေ့တွင် ဘဝရှင်မင်းတရားကြီးသည် အင်းဝမြို့ကို မွန်တို့လက်မှ သိမ်းပိုက်ရရှိခဲ့ပေသည်။


မွန်တို့ အင်းဝသို့ ဒုတိယအကြိမ် ချီလာပြန်ခြင်း


ဟံသာဝတီဘုရင် ဗညားဒလသည် အလောင်းမင်းတရားကြီး (မုဆိုးဖို ဦးအောင်ဇေယျ)၏ အကြောင်းကို ကြားတော်မူလျှင်- ဤသို့ဆို၏။ အင်းဝမြို့တည် သတိုးမင်းဖျားမှသည် ကြာသပတေးမင်းတိုင် မင်း(၂၇)ဆက် နှစ်ပေါင်း (၃၈၇)နှစ်တိုင်တိုင် ထီးနန်းစိုက်၍ တိုင်းကြီးပြည်ကြီးအပေါင်းကို အုပ်စိုးလျှက် အင်္ဂါခုနစ်ပါး အစာလေးပါးနှင့် ပြည့်စုံသည့် အင်းဝမြို့ကို ငါလုပ်ကြံတော်မူလျှက် မင်းနှင့်တကွ မြို့ကို ရ၍ မြန်မာပြည်အားလုံးကို ငါ့လက်နက်နိုင်ငံဖြစ်လေပြီမှ တောအုံတောင်ကမ်း ပုန်းလျှိုးနေသူတို့ ပုဆိုးရွာငယ်တစ်ခုကို အမှီပြု၍ အင်းဝမြို့တွင် ငါက အစောင့်ထားသူတို့ကို ထောင်ထား နှောင့်ယှက်ပြန်သည်ကို အကုန်သတ်ရမည်ဟု ကြိမ်းဝါးပြီးလျှင် သက္ကရာဇ် ၁၁၁၆ ခုနှစ်၊ ကဆုန်လ တွင် မွန်ဘုရင်သည် ကြည်းတပ်၊ ရေတပ်အင်အား အပြည့်အစုံဖြင့် အင်းဝသို့ ဒုတိယအကြိမ် ချီတက်တော်မူစေသည်။


ကြည်းတပ်။ ကြည်းကြောင်း၊ ဗညားဒလချုပ်၍ ချီရသော တပ်ပေါင်း (၁၁)တပ်၊ မြင်း (၄၀ဝ၀)၊ စစ်သူရဲပေါင်း (၁၁၀၀၀၀)ပါလေသည်။


ရေတပ်။ ဥပရာဇာချုပ်၍ ရေကြောင်းချီရသည့် (၂၁)တပ်၊ ၄င်း(၂၁)တွင် တိုက်လှေကြီး (၁၂၀၀)၊ ရိက္ခာတင် လှေ (၃ဝဝ)၊ စစ်သည်သူရဲပေါင်း (၁၂၅၀၀၀)ပါလေသည်။

ပြည် မြသိတင်နှင့် ပုဂံရွှေစည်းခုံဘုရားတို့တွင် မွန်ထီးတော်တင်လှူရန် ရေကြောင်းချီတပ်မှ သယ်ဆောင် လာခြင်း


လက်ဝဲသီဟကျော်ထင်။ ၎င်းရေကြောင်းချီတပ်တွင် ပြည် “မြသိတင်” နှင့် ပုဂံ “ရွှေစည်းခုံ” ဘုရားတို့၌ မွန်ထီးတော်ကို လှူရမည်ဟု ဟံသာဝတီ မွန်ဘုရင် ဗညားဒလက အမိန့်တော်ရှိပြီးလျှင် မွန်ဘုရင် ပေးအပ်သော ရွှေထီးတော် (၂)စင်းနှင့်တကွ မွန်ရဟန်းသံဃာတော်တို့ကိုပါ ပင့်ဆောင်၍ချီတက်စေသည်။

ပြည် “မြသိတင်”၌ ထီးတော်လှူခြင်း


လက်ဝဲသီဟကျော်ထင် ရေကြောင်းချီတပ်သည် ပြည်မြို့သို့ ရောက်လျှင် သက္ကရာဇ် (၁၁၁၆) ခုနှစ်၊ ကဆုန်လဆန်း (၅)ရက်နေ့တွင် ပြည် “မြသိတင်”ဘုရား၌ မွန်ဘုရင်ထီးတော်ကို ဟံသာဝတီမှ ပင့်ဆောင်လာသော မွန်ရဟန်းသံဃာတို့နှင့် ထီးတော်တင်လှူပွဲအခမ်းအနားကို ကျင်းပခြင်း၊ အနေကဇာတင်ခြင်းများကို ကျင်းပပြုလုပ်ခဲ့သည်။

အင်းဝသို့ ဆက်လက်ချီတက်ခြင်း


ပြည် “မြသိတင်” (ရွှေဆံတော်)ဘုရားတွင် ထီးတော်တင်လှူပွဲ ပြီးမြောက်ပြီးနောက် ရေကြောင်းချီတပ်သည် အင်းဝသို့ ဆက်လက်ချီတက်ကြသည်။ ဆင်ဖြူကျွန်းသို့ ရောက်လျှင် ပုဂံရွှေစည်းခုံဘုရား၌ တင်လှူရန် ထီးတော်ကိုပြန်မှတင်မည်ဟု ဆင်ဖြူကျွန်းဆိပ် ရေကြည်ဝ၌ ထီးတော်နှင့်တကွ ရဟန်းသံဃာတော်တို့ကို အကြီးအကြပ် အစောင့်အနေနှင့် ထားခဲ့ပြီးလျှင် ဆန်တက်လေရာ ပုဂံအထက် “ဆင်တဲဝ”သို့ ရောက်လျှင် မင်းမဲ ဆီးဗိုလ် လက်ဝဲသီဟကျော်ထင် သည် အလုံးအရင်းနှင့်တကွ ဥပရာဇာထံ ရောက်လာစုပေါင်းမိသည်။


မွန်တို့ကြည်းကြောင်းရေကြောင်းတပ် အင်းဝမှ နေ့ညမဆိုင်း အပြင်းဆုတ်ရွံခြင်း


သက္ကရာဇ် (၁၁၁၆)ခု၊ နယုန်လဆန်း (၆)ရက်နေ့တွင် မွန်တို့သည် နောက်ချန် ဆယ်တပ်ကို ထား၍ မွန်ဘုရင်၊ ညီ ဥပရာဇာ၊ ဗညားဒလ၊ မွန်မင်းသမက် စောဗြနှင့် ဗိုလ်မှူး တပ်မှူးတပ်ပေါင်း (၃ဝ)ကျော်တို့သည် အင်းဝမြို့မှ ကြည်းကြောင်း၊ ရေကြောင်းဖြင့် နေ့ညမဆိုင်း အပြင်း ဆုတ်ခွါပြေးကြလေသည်။

ရွှေစည်းခုံ၌တင်ရန် ထီးတော်ကိုထားခဲ့ခြင်း


မွန်မင်း၊ ညီ ဥပရာဇာစသော မွန်တို့၏ ရေတပ်၊ ကြည်းတပ်တို့သည် အင်းဝမြို့မှ နေ့ညမဆိုင်း အပြင်း ဆုတ်ခွါကြလေရာတွင် ဆင်ဖြူကျွန်း၊ ရေကြည်ဝတွင် ထားခဲ့သော ပုဂံရွှေစည်းခုံဘုရားမှာ တင်လှူရန် “မွန်ထီးတော်” ကို ပစ်ထားခဲ့ပြီးလျှင် မွန်ရဟန်းသံဃာတော်များကိုသာ ပင့်ဆောင် တင်ယူ၍ ပြည်မြို့မှ စစ်သူကြီး ဒလပန်း တို့ကို အစောင့်အနေခန့်ထားပြီးမှ ဟံသာဝတီရောက် စုန်ပြေးကြကုန်၏။

ပြည်မြို့ကို အလောင်းမင်းတရားကြီး သိမ်းပိုက်တော်မူသည့်နေ့


အလောင်းမင်းတရားကြီးကိုယ်တော်တိုင် ဦးစီးကွပ်ကဲ၍ ပြည်မြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ကျားကုတ် ကျားခဲ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ရာ ပြည်မြို့ကို ဝန်းရံထားသော မွန်တို့နှင့် နိုင်ငံခြားစစ်သည်များ ပါဝင်သော အင်းအားကြီးလှသည့် ကြည်းတပ်၊ ရေတပ်တို့ကို သက္ကရာဇ် ၁၁၁၆-ခု၊ တပို့တွဲလပြည့်ကျော် (၁၂)ရက်နေ့တွင် အောင်မြင်စွာ တွန်းလှန်ပြီး ပြည်မြို့ကို သိမ်းပိုက်နိုင်ခဲ့လေသည်။ အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို မွန်တို့နှင့်တကွ နိုင်ငံခြားသားစစ်သည်များ ဝိုင်းရံထားသည် တို့ကို အောင်မြင်စွာ တွန်းလှန်ဖယ်ရှားပြီး ပြည်မြို့ကို သိမ်းပိုက်အောင်မြင် တော်မူပြီးနောက် ထိုနေ့ညချမ်းတွင် - သားတော်၊ သမီးတော်၊ ဆွေတော် မျိုးတော်၊ မှူးတော် မတ်တော် သူရဲသူခက်အပေါင်း ခြံရံလျက် “ဆံတော်ရှင်ဘုရား” ကို တက်တော်မူ၍ ရွှေပန်းခိုင် ငွေပန်းခိုင်၊ ရွှေပေါက်ပေါက် ပတ္တမြားပေါက်ပေါက်၊ ရွှေတံခွန်၊ ငွေတံခွန်စသော အထူးထူးသော ပူဇော်မှုတို့ဖြင့် ပူဇော်သည်။ “ဉာဏ်တော်မြင့်ဦးစေတီ”ကို သဲပုံစေတီသဏ္ဌာန် တည်ထားပြီး ထီးတော်တင်လှူတော်မူသည်။ ပြည်မြို့ အတွင်းအပြင် စေတီပုထိုးဟောင်းများ၊ ပြိုပျက်သမျှကိုလည်း လက်ခကံကျွေးငွေတော်ကို သူကြီး၊ ကလန်၊ မြို့ထိန်း၊ မြို့အုပ်များသို့ ပေးအပ်၍ အသီးသီး အကြီးအကြပ်တို့ဖြင့် လုပ်ဆောင်စေတော်မူသည်။

ဆံတော်ရှင်တွင် ထီးတော်တင်လှူခြင်း


အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်သိမ်းပိုက်ပြီး၍ ထိုအောင်ပွဲရသည့် ညနေချမ်း၌ပင် ရွှေဆံတော် စေတီတော်မြတ်ကြီးသို့ တက်ရောက်ကြည်ညိုဖူးမြော်ရာတွင် ဤဆံတော်ရှင်စေတီတော်မြတ်ကြီး၌ မိမိ၏ ကုသိုလ်တော် ရွှေထီးတော်ကိုလည်း တင်လှူပူဇော် လိုသည့် ဆန္ဒဖြစ်တော်မူခဲ့လေသည်။ သို့သော် သက္ကရာဇ် (၁၁၁၆)ခု၊ ကဆုန်လဆန်း (၅)ရက်နေ့က ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် မွန်မင်းတင်လှူခဲ့သော ရွှေထီးတော်ရှိငြားသော်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားလူမျိုးတို့၏ အရေးကို အမြော်အမြင် ကြီးမားစွာ ရှုမြင်သုံးသပ်နိုင်သည့် အရည်အချင်းများနှင့် ပြည့်စုံသည့် မင်းတရားကြီးဖြစ်သည့်အားလျော်စွာ နိုင်ငံတော်ကြီး အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲရေးနှင့် တိုင်းရင်းသားညီအစ်ကို “မွန်မြန်မာ”တို့ အစဉ်ထာဝရ ချစ်ကြည်ရေးတို့ကို ရှေ့ရှုလျက် မွန်မင်းတို့ တင်လှူထားခဲ့သော မွန်တီးတော်ကို မဖယ်ရှားဘဲ သက္ကရာဇ် (၁၁၁၆)ခုနှစ်၊ တပေါင်းလပြည့်နေ့တွင် အလောင်းမင်းတရားကြီး၏ မြန်မာထီးတော်ကို မွန်ထီးတော်နှင့် ပေါင်းစပ်ကာ တပ်ဆင်တင်လှူပူဇော်တော်မူလေသည်။

ပြည်ဆံတော်ရှင် ဆုတောင်းပြည့်လှိုဏ်ဂူတွင် တတိယမြန်မာနိုင်ငံတော်ကြီးထူထောင်နိုင်ရေးအတွက်

အလောင်းမင်းတရားကြီး အဓိဋ္ဌာန်ပြုခြင်း


ပြည်ဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် မွန်မြန်မာထီးတော် တင်လှူခြင်းနှင့်အတူ မိမိစိတ် ဆန္ဒရှိသမျှတို့ကို အလောင်းမင်းတရားကြီးသည် ဆံတော်ရှင်စေတီတော်၌ လှူဒါန်းပူဇော်ပြီးနောက် - လူနတ်များရှင် ၊ မြသိတင်နှင့် ၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ် ၊ တရားဘုန်းခေါင် ၊ ဒွတ္တပေါင်ဟု၊ ပြည်ထောင်များနတ် ၊ တည်ခဲ့မှတ်သည်…. စသည့် နဝဒေးကြီး၏ ဆုတောင်းပြည့်ဘုရားတိုင် ရတုတွင် ဖွဲ့ဆိုထားသည့် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်အရှေ့မျက်နှာ၌ ဒွတ္တပေါင်မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့်ရုပ်ပွားတော် (၂)ဆူ ကိန်းဝပ်သည့် လိုဏ်ဂူစေတီ လိုဏ်ဂူနန်းထဲတွင် အလောင်းမင်းတရားကြီး ဆုတောင်းဆုယူ ပြုတော်မူသည်။ အလောင်းမင်းတရားကြီး အဓိဋ္ဌာန်ပြုတော်မူသည်မှာ ဘုရားတပည့်တော်သည် ရှေးမင်းကောင်းမင်းမြတ်တို့ တည်ဆောက်ခဲ့သည့် မြန်မာနိုင်ငံတော်ကြီးတစ်ဝန်းကို စုစည်းသိမ်းပိုက် အုပ်ချုပ်နိုင်ပြီး၊ မြတ်ဗုဒ္ဓဘုရားရှင်၏ သာသနာတော် ပြန့်ပွားစည်ပင် တိုးတက်တည်တံ့ခိုင်မြဲအောင် ပြုစုထိုက်သော မင်းဧကရာဇ် ဧကန်ဖြစ်မည်မှန်ပါလျှင် “ပုဗ္ဗနိမိတ်ထင်မြင်စေသား”ဟူ၍ အဓိဋ္ဌာန်ပြုတော်မူသည်။ အလောင်းမင်းတရားကြီးသည် ထိုသို့ တတိယမြန်မာနိုင်ငံတော်ကြီး ထူထောင် နိုင်ရေးအတွက် ဗုဒ္ဓသာသနာတော်ကို ပြုစုထိုက်သူအဖြစ်ကို အဓိဋ္ဌာန်တော်ပြုပြီးနောက် ဆံတော်ရှင် ကုန်းပေါ်မှဆင်း၍ နဝင်းချောင်း “ရန်မျိုးနိုင်စံနန်း”တော်သို့ ပြန်လည်ကြွမြန်းတော်မူသည်။

ပြည်မင်း မင်းရဲကျော်ခေါင်


သာသနာတော်နှစ် (၂၃၀၅)၊ သက္ကရာဇ် (၁၁၂၃)ခု၊ ခရစ်နှစ် (၁၇၆၂)ခုနှစ်တွင် အင်းဝမှ နန်းတက်တော်မူသည့် ပြည်မင်း-မင်းရဲကျော်ခေါင်သည် ပြည်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ တောင်ဘက်စောင်းတန်း လက်ယာဘက်ရှိ “ရတနာပုံထီးဘုရား”ကို တည်တော်မူခဲ့သည်။

ဆင်ဖြူသခင် ဘဝရှင်မင်းတရားကြီး(မြေတူးမင်း) ရန်ကုန်သို့ စုန်တော်မူခြင်း


ဆင်ဖြူသခင် (မြေတူးမင်း)သည် ပြာသိုလဆန်း (၁၁)ရက်နေ့၊ ပုဂံသို့ ရောက်တော်မူလျှင် ရွှေစည်းခုံဘုရားကို ပူဇော်တော်မူသည်။ ၎င်းမှ ပြာသိုလဆန်း (၁၃)ရက်နေ့ စုန်တော်မူ၍ ပြည်မြို့သို့ သက္ကရာဇ် (၁၁၃၆)ခု၊ ပြာသိုလပြည့်ကျော် (၅)ရက်နေ့ ရောက်တော်မူသည်။ ပြည်ဆံတော်ရှင်ဘုရားကို ပူဇော်တော်မူသည်။ ထီးချယားသီးမှသည် မြေတိုင်အောင် ရွှေထည့်တော်မူသည်။ ဆံတော်ရှင်ကို ကြည်ညိုပူဇော် ဆုတောင်းဆုယူပြီးနောက် ဒွတ္တပေါင်မင်း တည်ထားကိုးကွယ်ခဲ့သည့် ဆုတောင်းပြည့် လိုဏ်ဂူစေတီအတွင်းမှ ဆင်းတုတော် (၂)ဆူ၌လည်း အဓိဋ္ဌာန်ပြုခဲ့သည်။ ခမည်းတော်လက်ထက်က ဆံတော်ရှင် မြတ်ဘုရားတွင် ဝေယျာဝစ္စပြုလုပ်ရန် အစောင့်အနေထားခဲ့သော သွေးသောက်ကြီးများကို ဆုလာဘ်များ ပေးသနားတော်မူသည်။ ထို့အပြင် ပြည်မြို့ အနောက်ဘက် ဖိုးဦးတောင်ထိပ်ဘုရားကို ထပ်၍တည်တော်မူသည်။ ဓာတ်တော် မွေတော် ရွှေရုပ်တုလည်း များစွာဌာပနာတော်မူပြီးလျှင် ထီးချယားသီးမှသည် မြေတိုင်အောင် ရွှေထည့် တော်မူသည်။ ပြည်မြို့က တပို့တွဲလပြည့်ကျော် (၇)ရက်နေ့ စုန်တော်မူ၍ ရန်ကုန်သို့ တပေါင်းလဆန်း (၁)ရက်နေ့ ရောက်တော်မူသည်။

ကုန်းဘောင်ခေတ်အလယ်ပိုင်း (မွန်မြန်မာထီတော်ပြုပြင်မွမ်းမံခြင်း)


သာသနာတော်နှစ် (၂၃၅၈)၊ သက္ကရာဇ် (၁၁၇၆)၊ ခရစ်နှစ် (၁၈၁၄)ခုနှစ်၌ အမရပူရမြို့တည် ဆင်ဖြူရှင် (ဘိုးတော်ဦးဝိုင်း) ဘိုးတော်ဘုရား၏ သားတော် ပြည်မင်း၊ သီရိမဟာသီဟဓမ္မရာဇာ လက်ထက်၌ အလောင်းမင်းတရားကြီး တင်လှူတော်မူခဲ့သော “ရွှေဆံတော်စေတီတော်-မွန်မြန်မာထီးတော်ကြီး”သည် နှစ်ပေါင်း (၆၀)မျှ ကြာညောင်းခဲ့သဖြင့် တောင်းနွမ်းပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိနေရာ ယင်းသို့ ဟောင်းနွမ်းပျက်စီးခြင်းသို့ ရောက်ရှိငြားသော်လည်း ဘုန်းတန်ခိုး ကြီးမားသော အလောင်းမင်းတရားကြီး တင်လှူခဲ့သော ထီးတော်ဖြစ်၍ ကြောက်ရွံ့ရိုသေသော အားဖြင့် အသစ်လဲလှယ်ခြင်းပြုရန် မဝံ့ကြချေ။ ထို့ကြောင့် မြို့သူကြီး မဟာသမန္တရာဇာဦးကတိုး၊ မြို့စာရေး ဦးကျောက်ရစ်၊ ဦးတရုတ် စသော ပုဂ္ဂိုလ်များ ဦးစီးပြီး တိုင်ပင်ဆွေးနွေးကြကာ မူလထီးတော်အဟောင်းမှ ပျက်စီးယိုယွင်းသွားသည့် အစိတ်အပိုင်းတို့ကို တတ်စွမ်းသမျှ ခိုင်ခံ့ကောင်းမွန်အောင် ပြုပြင်မွမ်းမံကြပြီးလျှင် ထိုနှစ်မှာပင် တပေါင်းလဆန်း (၃)ရက်နေ့၌ ပြည်မင်း သီရိမဟာသီဟမ္မရာဇာ ကိုယ်တော်တိုင် ထီးတော်တင်လှူပွဲ ကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပပြီး ထီးတော်တင်လှူပူဇော်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်းပိုင်း (ဆံတော်ရှင်နှင့် ပထမငလျင်)


သာသနာတော်နှစ် (၂၃၈၃)၊ သက္ကရာဇ် (၁၂ဝဝ)ပြည့်နှစ်၊ ခရစ်နှစ် (၁၈၃၈)ခုနှစ်၊ တန်ခူးလဆန်း (၂)ရက်နေ့ ညဉ့်တစ်ချက်တီးကျော်အချိန်တွင် ပြည်မြို့၌ ပြင်းထန်သော ငလျင်လှုပ်ရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်သည် ပိန္နဲတိုင်ပါ ကျိုးပြတ်၍ စေတီတော်၏ အရှေ့ဘက်ဖောင်းရစ်အထက် ငှက်ပျောဖူးမှ တောင်ဘက်မျက်နှာရွဲလုံးအထိ ကွဲအက်ပျက်စီး သွားခဲ့သည်။ ထိုငလျင်ကား ပြည်မြို့၌ ပထမအကြိမ် ငလျင်လှုပ်ခြင်းပင် ဖြစ်ပေသည်။ ထိုသို့ ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားသော ရွှေဆံတော်စေတီတော်ကြီးကို ရွှေတိုက်ဝန်၊ မြို့သူကြီး၊ အခွန်ဝန်၊ စစ်ကဲစာရေးကြီး စသော ရုံးအရာရှိ အစုံအညီတို့နှင့် အရံတော်အစောင့်ခေါင်း ငမြတ်ဖူး၊ ငမြတ်ဦးတို့ ဦးဆောင်သော လူ (၂၀)ကျော်တို့က စောင့်ရှောက် ထိန်းသိမ်းရလေသည်။ သက္ကရာဇ် (၁၂၁၁)ခု၊ နယုန်လဆန်း (၁၀)ရက်နေ့တွင် မြို့စားရှင် အမိန့်တော်ဖြင့် ရွှေတိုက်ဝန်၊ မြို့သူကြီး၊ ရုံးအရာရှိတို့က ကွပ်ကဲ၍ ထီးတော်သစ် မလဲလှယ်ဝံ့ဘဲ ထီးတော်ဟောင်းကိုပင် ပျက်စီး ယိုယွင်းသွားသည့် အစိတ်အပိုင်းများကို ခိုင်ခံ့တင့်တယ်စွာ ပြုပြင်မွမ်းမံ၍ “မွန်မြန်မာထီးတော်”ကို မြို့စားရှင်ကိုယ်တိုင် ပြန်လည်တင်လှူကြပြန်ပေသည်။ ထိုသို့ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မူလ မွန်မြန်မာထီးတော်ကိုပင် ပြုပြင်မွမ်းမံ တင်လှူကြရာ၌ ပြည်မြို့ရှိ ပါဒဆရာတော်၊ ဒက္ခိဏဆရာတော်၊ ရွှေမြင်တင်ဆရာတော်တို့၏ ဩဝါဒကို ခံယူဆောင်ရွက်ကြပေသည်။ ကုန်းဘောင်ခေတ်နှောင်းပိုင်း (ဆံတော်ရှင်နှင့် ပထမငလျင်) သာသနာတော်နှစ် (၂၃၈၃)၊ သက္ကရာဇ် (၁၂ဝဝ)ပြည့်နှစ်၊ ခရစ်နှစ် (၁၈၃၈)ခုနှစ်၊ တန်ခူးလဆန်း (၂)ရက်နေ့ ညဉ့်တစ်ချက်တီးကျော်အချိန်တွင် ပြည်မြို့၌ ပြင်းထန်သော ငလျင်လှုပ်ရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်သည် ပိန္နဲတိုင်ပါ ကျိုးပြတ်၍ စေတီတော်၏ အရှေ့ဘက်ဖောင်းရစ်အထက် ငှက်ပျောဖူးမှ တောင်ဘက်မျက်နှာရွဲလုံးအထိ ကွဲအက်ပျက်စီး သွားခဲ့သည်။ ထိုငလျင်ကား ပြည်မြို့၌ ပထမအကြိမ် ငလျင်လှုပ်ခြင်းပင် ဖြစ်ပေသည်။ ထိုသို့ ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသွားသော ရွှေဆံတော်စေတီတော်ကြီးကို ရွှေတိုက်ဝန်၊ မြို့သူကြီး၊ အခွန်ဝန်၊ စစ်ကဲစာရေးကြီး စသော ရုံးအရာရှိ အစုံအညီတို့နှင့် အရံတော်အစောင့်ခေါင်း ငမြတ်ဖူး၊ ငမြတ်ဦးတို့ ဦးဆောင်သော လူ (၂၀)ကျော်တို့က စောင့်ရှောက် ထိန်းသိမ်းရလေသည်။ သက္ကရာဇ် (၁၂၁၁)ခု၊ နယုန်လဆန်း (၁၀)ရက်နေ့တွင် မြို့စားရှင် အမိန့်တော်ဖြင့် ရွှေတိုက်ဝန်၊ မြို့သူကြီး၊ ရုံးအရာရှိတို့က ကွပ်ကဲ၍ ထီးတော်သစ် မလဲလှယ်ဝံ့ဘဲ ထီးတော်ဟောင်းကိုပင် ပျက်စီး ယိုယွင်းသွားသည့် အစိတ်အပိုင်းများကို ခိုင်ခံ့တင့်တယ်စွာ ပြုပြင်မွမ်းမံ၍ “မွန်မြန်မာထီးတော်”ကို မြို့စားရှင်ကိုယ်တိုင် ပြန်လည်တင်လှူကြပြန်ပေသည်။ ထိုသို့ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မူလ မွန်မြန်မာထီးတော်ကိုပင် ပြုပြင်မွမ်းမံ တင်လှူကြရာ၌ ပြည်မြို့ရှိ ပါဒဆရာတော်၊ ဒက္ခိဏဆရာတော်၊ ရွှေမြင်တင်ဆရာတော်တို့၏ ဩဝါဒကို ခံယူဆောင်ရွက်ကြပေသည်။

ကိုလိုနီခေတ်ဦး ဆံတော်ရှင်နှင့် ငလျင်


မြန်မာသက္ကရာဇ် (၁၂၂၁)ပြည့်နှစ်၊ ခရစ်နှစ် (၁၈၅၈)ခု၊ ဝါခေါင်လပြည့်၊ အင်္ဂါနေ့ ညဉ့်(၃)နာရီအချိန်။ ဗြိတိသျှအစိုးရ(အင်္ဂလိပ်)တို့ ပြည်မြို့ကို သိမ်းပိုက်ပြီး (၆)နှစ်မျှအကြာ ကိုလိုနီခေတ်ဦးကာလနှင့် ဆံတော်ရှင်။ ထိုအချိန်သမယတွင် ပြည်မြို့၌ ဒုတိယအကြိမ် ငလျင်ကြီး ပြင်းထွန်စွာ မြည်တည်းတုန်လှုပ် လေရာ လူ၊ နတ်၊ ဗြဟ္မာတို့ ညွှတ်တွားပူဇော်ရာ ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ရွှေတောင်ကြီး ပြိုလဲသကဲ့သို့ ခေါင်းလောင်းပုံ ပန်းမှောက်၏ အပေါ်ပိုင်းတစ်ပိုင်းလုံး ဌာပနာတိုက်နှင့်တကွ ဖရိုဖရဲ ပြိုကျခဲ့ပေသည်။ ဤကဲ့သို့ ဆံတော်ရှင်စေတီတော်မြတ်ကြီး အပေါ်ပိုင်းတစ်ပိုင်းလုံး ရွှေတောင်ကြီး ပြိုကျသကဲ့သို့ ပြိုကျခဲ့သော်လည်း အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာကြီး၊ ဆပ်သဖူးတော်နှင့်တကွ ရတနာပစ္စည်းများသည် အနည်းငယ် ထိခိုက်ပျက်စီးသည်မှအပ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးခြင်းတိုင် မရောက်ခဲ့သည်မှာလည်း အံ့ဖွယ်တစ်ရပ်ပင် ဖြစ်ပါသည်။ ထိုစဉ်က ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ မရှုမလှ ပြိုကျပျက်စီးနေပုံမြင်ကွင်းကို သုဒဿနတောင်ပေါ်ဝယ် မဖူးဝံ့ မမြင်ဝံ့ အတုံးအရုံး ဖရိုဖရဲပြိုကွဲပျက်စီးနေသော ဖြစ်စဉ်ကို တွေ့မြင်ဖူးရသူအပေါင်းမှာ ယူကျုံးမရ လှိုက်လှဲဝမ်းနည်းကြေကွဲ၍ မဆုံးနိုင်အောင် ပြည်မြို့သူ မြို့သားအပေါင်းတို့ အုတ်အုတ်ကျက်ကျက် ရင်ဘတ်စည်တီး ငိုကြွေးမည်တမ်းကြသော အသံတို့သည် သုဒဿတောင်တော်ဝန်းကျင်နှင့်တကွ ပြည်မြို့တစ်နယ်လုံး ဖုံးလွှမ်း၍ သွားလေ၏။ ရှေးအခါကပင် ဤစေတီတော်မြတ်ကြီးကို ဗုဒ္ဓဘာသာဝင် မင်းကောင်းမင်းမြတ်များ စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းခြင်း၊ စောင့်ရှောက်ခြင်း၊ ပူဇော်ခြင်းဟူသည့် အလုပ်သုံးမျိုးဖြင့် သာသနာတော် ငါးထောင် အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ထိန်းသိမ်းစောင့်ရှောက် ပြုပြင်မွမ်းမံ ခဲ့ကြသော်လည်း ယခုအခါ တို့ပြည်မြို့ကို အုပ်ချုပ်သူမှာ ဘာသာခြား၊ လူမျိုးခြား အင်္ဂလိပ်များဖြစ်၍ “အဘယ်သူသည် ဤပျက်စီးယိုယွင်းသွားသော စေတီတော်မြတ်ကြီးအား မူလအတိုင်း ကြည်ညို ဖွယ်ရာဖြစ်အောင် စွမ်းဆောင်နိုင်ပါအံ့နည်း”ဟု တမ်းတကြကုန်၏။

ရဟန်းရှင် ပြည်သူတို့၏တာဝန်


မြန်အောင်မြို့ဇာတိ၊ ပဝတ္တိပြည်မြို့မှ ကုန်သည်ကြီး ဦးသာရွဲသည် ပျက်စီးယိုယွင်းသွားသော ဆံတော်ရှင်စေတီတော်ကို မိမိတို့၏ ငွေကြေးဥစ္စာဖြင့် ပြန်လည် ပြုပြင်ရန် ဆန္ဒကြီးမားလှသဖြင့် ဇနီး ဒေါ်မှိုဥ၊ သားကြီး မောင်မြသင်း၊ ချွေးမ မယ်မှို၊ သမီး မယောက်၊ သမက် မောင်မြမင်း၊ သမီး မရွှေမြို့၊ သမက် မောင်ရွှေပိုက်၊ သား မောင်ရွှေညှင်း အစရှိသော မိမိ၏ မိသားစုတို့နှင့် ရှေးဦးစွာ တိုင်ပင် ဆွေးနွေးခြင်းပြုရာ – မိသားစုအားလုံးကလည်း သဒ္ဓါရွှင်လန်းပီတိလွှမ်းလျက် ဝမ်းပန်းတသာဖြင့် မိမိတို့၌ ရှိသော ရွှေငွေဥစ္စာ တို့ကိုလည်း ဖခင်ကြီးနှစ်သက်သလို လှူဒန်းသုံးစွဲပါရန်နှင့် ဖခင်ကြီး၏ ဆန္ဒအလျောက် စေတီတော်ကြီးအား ပြန်လည် တည်ဆောက်ပြုပြင်ပါရန် အညီအညွတ် သဘောတူကြလေသည်။

ရတန်းရှင် ပြည်သူအများအား ပန်ကြားခြင်း


ဦးသာရွဲသည် မိမိ၏မိသားစုနှင့် တိုင်ပင်မှုပြုပြီးနောက် ပြည်မြို့ရှိ ရဟန်းရှင်ပြည်သူတို့ကို အထူးတလည် ဖိတ်ခေါ်ပြီးလျှင် ဆံတော်ရှင်စေတီတော်မြတ်ကြီး ပြိုကျပျက်စီးယိုယွင်းသွားသည့် အပိုင်းများကို မိမိ၏မိသားစုပိုင် အလှူတော်ငွေများဖြင့် ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးယခင်က “ဆံတော်ရှင်စေတီ”တော်မြတ်ကြီးမှာ မင်းမိဖုရားများသာ ဒါယကာပြု၍ တည်ဆောက်ခဲ့ ကြပါကြောင်း။ ယခုအခါ ကျွန်တိုင်းပြည်ကျွန်လူမျိုးဖြစ်နေကြ၍ ဘာသာ သာသနာမှာလည်း ကျွန်ဘာသာ သာသနာပင် ဖြစ်နေပါသည်။ သာသနာ့ဒါယကာမင်းများ မရှိတော့၍ ပြည်သူတို့ ဒါယကာပြု၍ တည်ဆောက်ရမည့်အချိန်အခါလည်း ကြုံကြိုက်နေပါသဖြင့် ယခုကဲ့သို့ ရဟန်းရှင်ပြည်သူများကို ဖိတ်ခေါ်၍ တည်ဆောက်ခွင့်ပြုပါရန် တင်ပြပါကြောင်း… ဟူ၍ ပြောကြားရာ ရဟန်းရှင်ပြည်သူ အများကလည်း အင်္ဂလိပ်များ၏ ကျွန်သပေါက်ကျနေရချိန်ဝယ် သာသာနာတော်ကြီးနှင့် ပတ်သက်၍ ရင်လေးဘွယ်ကြုံတွေ့နေရစဉ်မှာ သာသာနပြုအာဇာနည်ခေါင်းဆောင် ပေါ်ထွန်းလာသည်ကို အထူးနှစ်သက် ဝမ်းမြောက်ဝမ်းသာ ရွှင်လန်းအားရစွာဖြင့် သဘောတူလက်ခံကြရုံမက မိမိတို့ ရဟန်းရှင် ပြည်သူအပေါင်းကလည်း လူလုပ်အားနှင့်တကွ စိန်ရွှေငွေအားတို့ဖြင့် အင်တိုက်အားတိုက် တတ်စွမ်းသမျှ သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက် ကြမည်ဖြစ်ကြောင်း၊ သောင်းသောင်းဖြဖြ ကြိုဆိုအားပေး တိုက်တွန်းကြလေသည်။ ဦးသာရွဲ ခေါင်းဆောင်၍ ဆံတော်ရှင်စေတီတော်မြတ်ကြီး ပြုပြင်တည်ဆောက်ရေးအဖွဲ့ကိုလည်း ဆရာတော်၊ သံဃာတော်များက စနစ်တကျ ဖွဲ့စည်းပေးခဲ့လေသည်။ အဖွဲ့ခေါင်းဆောင် ဦးသာရွဲသည် ထိုစဉ်က ပြည်မြို့ကို အုပ်ချုပ်လျှက်ရှိသော အင်္ဂလိပ်အစိုးရ၊ ပြည်ခရိုင် ဝန်ရှင်တော်မင်းကြီး (DEUTY COMMISSIONER)ဖြစ်သူ ဒါလီအရေးပိုင်ထံ ပန်ကြား အမိန့်ခံ၍ ပဉ္စာလကျောင်းတိုက် ဆရာတော်ဘုရားကြီးအား အကြီးအကဲ နာယကပြုကာ သက္ကရာဇ် ၁၂၂ဝ-ပြည့်နှစ်၊ နတ်တော်လဆန်း (၅)ရက်နေ့မှစ၍ ဆံတော်ရှင်စေတီတော်မြတ်ကြီး ပြုပြင် တည်ဆောက်ရေးကိစ္စတို့ကို စတင်ကြိုးပမ်းဆောက်ရွက်ကြပေသည်။

အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မွန်မြန်မာထီးတော်အခြေအနေ


သက္ကရာဇ်(၁၃၁၆)ခု၊ တပေါင်းလပြည့်နေ့၌ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် ပြည်ဆံတော်ရှင် မွန်မြန်မာထီးတော်ကြီးမှာ သက္ကရာဇ် (၁၁၇၆)ခုနှစ်သို့ ရောက်လတ်သော် အမရပူရမြို့တည် ဆင်ဖြူရှင်(ဘိုးတော်ဦးဝိုင်း)၏သားတော် “ပြည်မင်း သီရိမဟာ သီဟဓမ္မရာဇာ” လက်ထက် ထီးတော်ကြီး ဟောင်းနွမ်းပျက်စီးခြင်းအဖြစ်သို့ ရောက်ရှိသော်ငြားလည်း ထီးတော် အသစ်လဲခြင်း မပြုဝံ့သည့်အတွက် ထီးတော်အဟောင်းကိုပင် ပျက်စီးယိုယွင်းသည့် အစိတ်အပိုင်း လောက်ပင် တစ်ကြိမ် ပြုပြင်ခဲ့ရသည်။ (ထိုစဉ်က အလောင်းမင်းတရားကြီး တင်လှူထားသော မွန်မြန်မာ ထီးတော်မှာ နှစ်ပေါင်း (၆၀)ကြာညောင်းခဲ့ပြီဖြစ်သည်။) ထို့နောက် သက္ကရာဇ် (၁၂၀၀)ပြည့်၊ တန်ခူးလဆန်း (၂)ရက်နေ့ ညဉ့် (တစ်)ချက်ကျော်တွင် လှုပ်သော ငလျင်ဒဏ်ကြောင့် ပျက်စီးယိုယွင်းသော ထီးတော်ဟောင်းကိုပင် ရွှေတိုက်ဝန်၊ မြို့သူကြီး စသည်တို့ ကွပ်ကဲလျက် ပါဒဆရာတော်၊ ရွှေမြင်တင်(မင်းကြီးတောင်)ဆရာတော်နှင့် ဒက္ခိဏ ဆရာတော်တို့၏ ဩဒကို ခံယူကာ ပြင်ဆင်မွမ်းမံ၍သာ ပြန်လည်တင်လှူခဲ့သည်မှာလည်း တစ်ကြိမ် ဖြစ်ပါသည်။ (ထိုစဉ်က အလောင်းမင်းတရားကြီး တင်လှူခဲ့သော မွန်မြန်မာထီးတော်ကြီးမှာ နှစ်ပေါင်း (၈၄)နှစ် ကြာညောင်းပြီဖြစ်သည်။) ယခု သက္ကရာဇ် (၁၂၂ဝ)ပြည့်နှစ်၊ ဝါခေါင်လပြည့်၊ အင်္ဂါနေ့ ညဉ့်(သုံးချက်)တီးအချိန် ငလျင် ထပ်မံလှုပ်ပြန်ရာ ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းပုံ၊ ပန်းမှောက်အပေါ်ပိုင်း တစ်ပုံလုံးနှင့် ဌာပနာတိုက် ဖရိုဖရဲ ပြိုကျပျက်စီးခဲ့ရာ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မွန်မြန်မာထီးတော်မှာ လုံးဝနီးပါးပျက်စီးယိုယွင်းသွားသဖြင့် မွန်မြန်မာထီးတော် အသစ်လဲလှယ် တင်လှူရမည့် အခြေအနေတွင် ရှိနေသည်က တစ်ကြောင်း၊ ထိုစဉ်က ထီးတော်ကြီးမှာ နှစ်ပေါင်း (၁၀၄)နှစ်တိုင် ကြာညောင်းခဲ့သဖြင့် မွမ်းမံပြုပြင်လို့ မရသည့် အခြေအနေအရပ်ရပ်တို့ကြောင့် မွန်မြန်မာထီးတော်အသစ် အစားထိုးတင်လှူနိုင်ရေးကို ဆရာတော်ကြီးများထံ ဩဝါဒ ခံယူကြလေသည်။

ဆရာတော်ဘုရားကြီးများ၏ ဩဝါဒထူး


ပဉ္စာလဆရာတော်ဘုရားကြီး ဦးဆောင်သော ဩဝါဒဝရိယဆရာတော်ဘုရားကြီးများက မိန့်ကြားမြွက်ဆိုတော်မူကြသည်မှာ ဤသို့လျှင် ပျက်စီးယိုယွင်းနေသည့် စေတီပုထိုးများကို တင့်တယ်သည်ထက် တင့်တယ်စေရန် လည်းကောင်း၊ သာသနာတော်အကျိုး ဖွံ့ဖြိုးစေလိုသော မွန်မြတ်သည့် စေတနာဖြင့်သော် လည်းကောင်း အဟောင်းကို ဖယ်ရှား၍ အသစ်ပြုပြင်ခြင်း၊ ဓာတ်တော်တို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ ဧတဒဂ်ရ-ရဟန္တာ အရှင်မြတ်ကြီး ဖြစ်တော်မူသော အရှင်မဟာကဿပမထေရ်မြတ်ကြီး၏ ဆန္ဒတော်၊ လူတို့တွင် ဘုရားရှင်အား ကြည်ညိုမှု အလွန်ကဲဆုံးဖြစ်၍ နောင်သောအခါ “ဝိစိတ္တဝိသေသ”မည်သော ပစ္စေကဗုဒ္ဓဖြစ်မည့် အဇာတသတ်မင်း၏ ဆောင်ရွက်တော်မူပုံ၊ သာသနာပြုသည့်အရာတွင် ကမ္ဘာတစ်လွှား၌ တံခွန်စိုက် သာသနာပြုဘုရင်ကြီးတစ်ပါးဖြစ်သော အာသောကမင်းတရားကြီး၏ ဆောင်ရွက်တော်မူပုံတို့ဖြင့် ဆရာတော်အရှင်သူမြတ်များက ဘုရားဟောကျမ်းလာ အဖြာဖြာသော အကိုးအားတို့ကို အထောက်အထားပြု၍ “စေတီပုထိုးများကို ကြည်ညိုလေးမြတ်သော ပသန္နစေတနာဖြင့် တင့်တယ် သည်ထက် တင့်တယ်စေရန် မကောင်းသော အဟောင်းအမြင်းတို့ကို ဖယ်ရှား၍ အသစ်တည်ဆောက် ခြင်းမှာ ပြုအပ်ပြုထိုက်သည်ဖြစ်ကြောင်း” တညီတညွတ်တည်း ဩဝါဒမြွက်ဆိုတော်မူပြီးနောက် - ဆရာတော်ကြီးများက ဗုဒ္ဓသာသနာတော်ကြီး အရှည်တည်တံ့ရေးအတွက် မိမိတို့ သံဃာပိုင်းကလည်း “ဓမ္မစက်”နှင့် ဆောင်ရွက်သွားမည်ဖြစ်သလို “အာဏာစက်”ဖြင့် ကူညီပံ့ပိုးမှုလိုကြောင်း - ထို့ကြောင့် အလောင်းမင်းတရားကြီး၏ အနွယ်တော် မန္တလေးနေပြည်တော်တွင် စိုးစံလျက် ရှိသည့် ဘုရင်မင်းမြတ် သာသနာ့ဒါယကာ မင်းတုန်းမင်းကြီးထံ ခွင့်ပန်၍ “မြန်မာဘုရင် အာဏာစက်”ဖြင့် ပံ့ပိုးကူညီမှုမျိုး ရရှိလာနိုင်ရန် ဒါယကာကြီး ဦးသာရဲ့ တို့အဖွဲ့က မန္တလေးနေပြည်တော် ဘုရင့်ညီလာခံတွင် ဝင်ရောက်လျှောက်တင် ကြရန်လိုကြောင်း ဩဝါဒထူးကို မြွက်ကြားတော်မူကြလေသည်။

မင်းတုန်းမင်းတရားကြီးထံ သွားရောက်လျှောက်ထားခြင်း


ဆံတော်ရှင် မွန်မြန်မာထီးတော်သည် ပြင်းထန်သောငလျင်ဒဏ်ကြောင့် ပြုပြင်၍ မရနိုင်အောင် ပျက်စီးသွားရသော အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မွန်မြန်မာထီးတော်အစား မွန်မြန်မာထီးတော်အသစ် ပြုလုပ်တင်လှူခွင့် ရရှိရေးအတွက် ဦးသာရွဲသည် အလောင်းမင်းတရား၏ အနွယ်တော် မင်းဆက်ဖြစ်သော မန္တလေးရတနာပုံနေပြည်တော် ပဉ္စမသင်္ဂါယနာတင် “မင်းတုန်းမင်းတရားကြီး”၏ ရွှေနန်းတော်သို့ သွားရောက်ခဲ့သည်။ ထိုစဉ်က ပြည်မြို့အထက်နားတွင် နယ်ခြားကျောက်တိုင်ရှိသည်။ ခရစ်နှစ် (၁၈၅၂)ခု၊ အင်္ဂလိပ်မြန်မာ ဒုတိယစစ်ပွဲ အပြီးတွင် အင်္ဂလိပ်တို့က ပြည်မြို့အထက်တွင် နယ်ခြားကျောက်တိုင် စိုက်ထူထားပြီး ယင်းကျောက်တိုင်မှ မြန်မာနိုင်ငံတောင်ပိုင်းအားလုံးကို အင်္ဂလိပ်ကိုလိုနီအဖြစ် သိမ်းပိုက်ထားသည်။ ယင်းကျောက်တိုင်မှ အထက်ပိုင်းသည် မြန်မာမင်းပိုင် နယ်မြေဖြစ်သည်။ သို့ပါ၍ ဦးသာရွဲသည် အင်္ဂလိပ်လက်အောက် ကျရောက်နေသည့် ပြည်မြို့မှ မြန်မာမင်းပိုင် အထက် မြန်မာပြည်ရှိ မန္တလေးရတနာပုံနေပြည်တော် ရွှေနန်းတော်သို့ ပဉ္စမသင်္ဂါယနာတင် သာသနာ့ဒါယကာ “မင်းတုန်းမင်းကြီး”ထံ အဖူးအမြော် ရောက်ရှိခဲ့လေသည်။ ဦးသာရွဲသည် မန္တလေးရတနာပုံ ရွှေနန်းတော်ညီလာခံသဘင်တွင် ဝင်ရောက်ဖူးမြော်ခွင့်ရရှိရာ ပြည်ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ သမိုင်းကြောင်းနှင့်တကွ အလောင်းမင်းတရားကြီး၏ ရည်ရွယ်ချက် ကြီးမားစွာဖြင့် တင်လှူခဲ့သည့် “မွန်မြန်မာထီးတော်”ကြီးနှင့် ပတ်သက်သည့် ဖြစ်စဉ် များကို ပြည့်ပြည့်စုံစုံ ညီလာခံသဘင်တွင် တင်လျှောက်လေရာ - မင်းတုန်းမင်းတရားကြီးသည် ဦးသာရွဲ လျှောက်တင်ချက်ကို နှစ်သက်ဝမ်းမြောက် တော်မူသဖြင့် အလောင်းမင်းတရားကြီး၏ မူလရည်မှန်းချက်နှင့် တင်လှူထားသည့်အတိုင်း “မွန်မြန်မာ”ထီးတော်အသစ် လဲလှယ် တင်လှူခွင့်ပြုသည့် မင်းမိန့်စာချွန်တော်နှင့် ရွှေဆံတော် စေတီတော်မြတ်ကြီးအား အသစ်တဖန် ပြုပြင်ရေးအတွက် အလှူတော်ငွေ ၂၀၀၀၀ ကျပ် (ကျပ်နှစ်သောင်း)ကိုပါ ညီလာခံသဘင်တွင် မင်းမိန့်စာချွန်တော်နှင့်တကွ အလှူငွေတို့ကို ပေးအပ် လိုက်လေသည်။ ဦးသာရွဲသည် အမျိုးဘာသာ သာသနာခြားသည့် တိုင်းတစ်ပါးသားလက်အောက်သို့ ကျွန်အဖြစ် ကျရောက်နေရသော်လည်း မိမိ၏ အမျိုးဘာသာ သာသနာတော်အရေးနှင့် ကြုံတွေ့လာ ရသည့်အခါ ဗုဒ္ဓသာသနာတော်အရေးကို ဦးထိပ်ပန်၍ မကြောက်မရွံ့ ဆောင်ရွက်နိုင်သည့် အာဇာနည် ဘုရားဒါယကာကြီးအဖြစ် ဂုဏ်ပြုချီးမြှင့်သည့် စာချွန်တော်နှင့်တကွ ပိဋကတ်သုံးပုံ ထည့်သွင်းပူဇော်ထားသည့် နန်းတွင်းရုပ်ကြွစာတိုက်(သေတ္တာ)တစ်လုံးကိုလည်း လက်ဆောင်ချီးမြှင့် တော်မူလိုက်လေသည်။ (ဦးသာရွဲအား ချီးမြှင့်လိုက်သည့် နန်းတွင်းရုပ်ကြွစာတိုက်(သေတ္တာ)ကို ယခုအခါ ပြည်မြို့၊ ရွှေဘုန်းပွင့် စာကြည့်ပိဋကတ်နှင့် ယဉ်ကျေးမှုပြတိုက်တွင် ထိန်းသိမ်းပြသထားသည်။)

မွန်မြန်မာထီးတော်အသစ် တင်လှူခြင်း


ဘုရားဒါယကာကြီး ဦးသာရွဲသည် မွန်မြန်မာထီးတော်အသစ် လဲလှယ်လှူဒါန်းခွင့်နှင့် စေတီတော်မြတ်ကြီးအား ပြုပြင်မွမ်းမံခွင့် “ဓမ္မစက်+အာဏာစက်” ရရှိသောအခါ အားရရွှင်လန်း စွာဖြင့် ပြန်လည်တည်ဆောက်ပြုပြင်မှု ကိစ္စအဝတို့ကို အားသွန်ခွန်စိုက်ဆောင်ရွက်ခဲ့ရာ – မြန်မာသက္ကရာဇ် ၁၂၂၁-ခုနှစ်၊ ကဆုန်လပြည့်ကျော် (၉)ရက်နေ့တွင် စေတီတော်မြတ်ကြီး ပြုပြင်ခြင်းနှင့်တကွ မွန်မြန်မာထီးတော်အသစ် တင်လှူခြင်းကိစ္စရပ်များ အောင်အောင်မြင်မြင် ရည်မှန်းချက်များအတိုင်း ပြီးစီးခဲ့လေသည်။ ထိုနှစ် တပေါင်းလတွင် ထီးတော်မှ ဖိနပ်တော်အထိ ရွှေကိုယ်လုံးပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ခဲ့ရာ ရွှေတောင်ကြီးပမာ တညီးညီး တထိန်ထိန် ရောင်ရှိန်ဝင်းပ ဖူးမြင်ရ၍ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေဟင်္သာကြီးနှင့်တကွ ဆပ်သဖူးတော်တို့ကိုလည်း မူလပကတိ လက်ရာများအတိုင်း၊ ပန်းတိမ်ပညာရှင်များက ကြိုးကြိုးစားစား ပြုပြင်မွမ်းမံနိုင်ခဲ့ပြီး မွန်မြန်မာထီးတော်ကြီးနှင့်တကွ ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်နိုင်ခဲ့ကြပေသည်။

ကုသိုလ်တော်ပါဝင်မှုနှင့် လုံးတော်ဆင့် ဉာဏ်တော်မြှင့်ခြင်း


ငလျင်ဒဏ်ကြောင့် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ခေါင်းလောင်းပုံပန်းမှောက်၏ အပေါ်ပိုင်းတစ်ခုလုံးတွင် ဌာပနာတိုက်နှင့်တကွ ဖရိုဖရဲပျက်စီးမှုတို့ကို ဦးသာရွဲတို့ ပြုပြင်ရာတွင် မူလစေတီတော်ထက် ဖောင်းတစ်ရပ်၊ ကြာနှစ်ဆင့် တိုးကာ (၇)တောင်မြှင့်၍ တည်ထားလေသည်။ ဆံတော်ရှင်စေတီတော်မြတ်ကြီးနှင့်တကွ မွန်မြန်မာထီးတော်အသစ်ကို ပြုလုပ်ပြုပြင် တည်ဆောက်ရာ၌ ကုသိုလ်တော် ပါဝင်ကြသော စေတနာရှင်များနှင့်တကွ ဘုရားဒါယကာကြီး ဦးသာရွဲတို့ ကုန်ကျသော ငွေပေါင်းမှာ ၇၃၇၇၇ ကျပ် ၂ မူး ၁ ပဲ (ခုနစ်သောင်းသုံးထောင်ခုနစ်ရာ ခုနစ်ဆယ့်ခုနစ်ကျပ်နှင့် နှစ်မူးတစ်ပဲ)ဖြစ်ပေသည်။ ထိုစဉ်က မွန်မြန်မာထီးတော်အသစ်ကို ပန်းတဉ်းပညာရှင်များသည် ရွှေဆံတော်စေတီတော် မြတ်ကြီး၏ တောင်ဘက်စောင်းတန်းခြေရင်းရှိ ဒက္ခိဏကုန်း(ဒက္ခိဏကျောင်းဝင်း)တွင် အလုပ်ရုံ ဆောက်လုပ်၍ အလောင်းမင်းတရားကြီး တင်လှူခဲ့သည့် မွန်မြန်မာထီးတော် ပုံသဏ္ဌာန်အတိုင်း ထပ်တူထပ်မျှ တူညီအောင် ပြုလုပ်ပုံသွင်း တင်လှူနိုင်ခဲ့သည်။

ဦးသာရွဲ ဂုဏ်ပြုကျောက်တိုင်


ဦးသာရွဲကို ပြည်မြို့သူမြို့သားများနှင့်တကွ ဗုဒ္ဓဘာသာဝင် ပြည်သူတို့က မမေ့အပ်မမေ့ထိုက်သော သာသနာ့အာဇာနည် ဘုရားဒါယကာကြီးအဖြစ် မော်ကွန်းကမ္ပည်း ကျောက်စာရေးထိုးကာ တောင်ဘက်စောင်းတန်း ခြေရင်းရှိ ဒက္ခိဏကုန်းတွင် စိုက်ထူဂုဏ်ပြု ထားပေသည်။ (ယခုအခါ ဂေါပကအဖွဲ့က ဦးသာရွဲဂုဏ်ပြုကျောက်တိုင်ကို စနစ်တကျ ထိန်းသိမ်း ထားသည်။)

ကိုလိုနီခေတ်အလယ်ပိုင်း မွန်မြန်မာထီးတော်အသစ်တင်လှူရန် ကြိုးပမ်းကြခြင်း


ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဘုရားဒါယကာကြီး ဦးသာရွဲတို့မိသားစုနှင့် ပြည်သူအများ က မြန်မာသက္ကရာဇ် ၁၂၂၁-ခုနှစ်၊ ခရစ်နှစ် ၁၈၅၉-ခုနှစ်တွင် တင်လှူခဲ့သည့် မွန်မြန်မာထီးတော် အသစ်ကြီးသည် မြန်မာသက္ကရာဇ် ၁၂၇၇-ခုနှစ်၊ ခရစ်နှစ် ၁၉၁၅-ခုနှစ်သို့ ရောက်သောအခါ ထီးတော်ကြီး သက်တမ်းမှာ (၅၆)နှစ် ကြာမြင့်ခဲ့ပြီး ပျက်စီးယိုယွင်းမှု များပြားမှုတို့ကြောင့် မွန်မြန်မာထီးတော်အသစ် လဲလှယ်ပူဇော်ရမည့် အခြေအနေများ ရှိလာသဖြင့် ရွှေဆံတော်ဘုရားကြီး ဘဏ္ဍာထိန်း ဂေါပကအဖွဲ့သည် ဆရာတော် သံဃာတော်ကြီးများနှင့် ပြည်မြို့ရပ်ကွက်ပေါင်းစုံမှ မြို့မိမြို့ဖများ၊ ဘာသာရေးအသင်းအဖွဲ့အသီးသီးမှ ဗုဒ္ဓဘာသာဝင်ပုဂ္ဂိုလ်များအား ရွှေဆံတော် ရင်ပြင်ပေါ်ရှိ ဓမ္မာရုံသို့ ဖိတ်ခေါ်ပြီး မွန်မြန်မာထီးတော်ကြီး အခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။ မွန်မြန်မာထီးတော် ပျက်စီးယိုယွင်းမှုများကို ဓာတ်ပုံကားချပ်များဖြင့် ဂေါပကအဖွဲ့က ရှင်းလင်းတင်ပြရာတွင် ရဟန်းရှင်ပြည်သူအများက ဟောင်းနွမ်းပျက်စီးနေသော ဦးသာရွဲ တင်လှူ ခဲ့သည့် မွန်မြန်မာထီးတော်ဟောင်း ချ၍ ပြည်မြို့သူမြို့သားများက မွန်မြန်ထီးတော်သစ်ကို ပြန်လည် တင်လှူကြမည်ဖြစ်ကြောင်း ဆုံးဖြတ်ကြပါသည်။

ထီးတော်အသစ်ပြုလုပ်ရန် ပုံစံများပေးအပ်ခြင်း


ရွှေဆံတော်ဂေါပကအဖွဲ့သည် မွန်မြန်မာထီးတော်သစ် ပြုလုပ်လှူဒါန်းခွင့်ရရှိကြသည့် ပွဲစားတန်းရပ်ကွက်မှ (မွန်ထီး) ပူဇော်ခွင့် ရရှိပြီး ရွာဘဲရက်ကွက်မှ (မြန်မာထီး) ပူဇော်ခွင့် ရရှိသည်။ ခေါင်းဆောင်များအား မိမိတို့ လှူဒါန်းအသစ်ပြုလုပ်ရမည့် ထီးတော်အတိုင်းအထွာပုံစံ တိကျ မှန်ကန်စွာ ပြုလုပ်ဆောင်ရွက်နိုင်ရေးအတွက် အင်ဂျင်နီယာများအဖွဲ့မှ အလောင်းမင်းတရားကြီး၏ မွန်မြန်မာထီးတော် ပုံသဏ္ဍာန် အချိုးအစားအတိုင်း ပြုစုရေးဆွဲထားသည့် (ပုံစံပြာကားချပ်) ဘလူးပရင့်ကားချပ်နှင့် အသေးစိတ်တွက်ချက်ပုံစံများကို မြန်မာသက္ကရာဇ် ၁၂၇၇-ခု၊ တပေါင်းလ၊ ခရစ်နှစ် ၁၉၁၅-ခု၊ မတ်လ ပထမအပတ်တွင် ပေးအပ်ခဲ့သည်။ လုပ်ငန်းဆောင်ရွက်ရာ၌ တိကျမှန်ကန်စွာ ပြုလုပ်နိုင်ရေးအတွက် အင်ဂျင်နီယာအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ အခက်အခဲရှိပါက ဂေါပကအဖွဲ့သို့ အမြန်ဆုံးတင်ပြရန် မှာကြားခဲ့ပေသည်။

မွန်မြန်မာထီးတော်တင်လှူပွဲ


မွန်ထီးတော်ကိုလည်းကောင်း၊ မြန်မာထီးတော်ကိုလည်းကောင်း ပြည်မြို့အတွင်း ကြီးကျယ် ခမ်းနားသိုက်မြိုက်စွာဖြင့် သုံးရက်စီ၊ သုံးရက်စီ အပူဇော်ခံပြီးနောက် မြန်မာသက္ကရာဇ် ၁၂၇၈-ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၃)ရက်၊ ခရစ်နှစ်သက္ကရာဇ် ၁၉၁၅-ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်၊ သောကြာနေ့တွင် ဆံတော်ရှင်စေတီတော်ထက်သို့ မွန်ထီးတော်ကို ပြန်လည်တင်လှူနိုင်ခဲ့သည်။ မြန်မာထီးတော်ကြီးနှင့်တကွ ရွှေဟင်္သာ၊ ရွှေခြင်းကြားနှင့် ညောင်ရေအိုးတို့ကို မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နှင့် (၁၅)ရက်နေ့၊ ခရစ်နှစ် ၁၉၁၅-ခုနှစ်၊ နိုဝင်ဘာလ (၂ဝ)ရက်၊ စနေနေ့ (၂၁)ရက် တနင်္ဂနွေနေ့များတွင် ဆံတော်ရှင်စေတီတော်ထက်သို့ ခမ်းနားသိုက်မြိုက် စည်ကားတင့်တယ်စွာဖြင့် မွန်ထီးတော်ကြီးနှင့် ပေါင်းစပ်ကာ တင်လှူပူဇော် ကြလေသည်။

မွန်မြန်မာထီတော် (၂)စင်းအတွက် ကုန်ကျငွေ


စဉ် အကြောင်းအရာ ကျပ် ပဲ
၁။ ရွာဘဲရပ် မြန်မာထီးတော်နှင့်သက်ဆိုင်သော ကုန်ကျငွေပေါင်း ၆၂၆၃ ၀၀
၂။ ပွဲစားတန်းရပ်ကွက် မွန်ထီးတော်နှင့်သက်ဆိုင်သော ကုန်ကျငွေပေါင်း ၆၁၅၆ ၀၀
       
ထီးတော်(၂)စင်းကုန်ကျငွေ ၁၂၄၁၉ ၁၄