<<   ရှေ့သို့

ကိုးနဝင်းအောင်မြေ



ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်ရှိ ရွှေသားလျောင်းရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်ရာ တန်ဆောင်းနှင့် အောင်မြေတန်ဆောင်းငယ်၏ ရှေ့ရင်ပြင်တွင် အောင်မြေသွင်းကာ ကိုးနဝင်းအောင်မြေဖော်ထုတ် ထားသော ‘အောင်မြေ’ ကို တွေ့ရမည်ဖြစ်ပါသည်။ ယင်းအောင်မြေမှ အရှေ့ဘက်မျက်နှာမူ၍ ဖူးမြော်ပါက အချိုးစားကျနလှသည့် သက်တော်ထင်ရှား ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ဖူးတွေ့ရသကဲ့သို့ ဆယ်ထပ်ကြီးရုပ်ပွားတော်ကို ကြည်ညိုဖွယ်ရာဖူးမြော်ရပါသည်။ ထိုမှသည် အနောက်ဘက်သို့ မျက်နှာမူ၍ဖူးပါက ရွှေဆံတော်စေတီတော်မြတ်ကြီးကို တင့်တယ်သပ္ပယ် စွာဖြင့် သာသနာ့အရောင်ထွန်းလင်းတောက်ပနေသည့် ရွှေတောင်ကြီးပမာ ကြည်ညိုဖွယ်ရာ ဖူးမြင်ရပါမည်။ ယင်း အောင်မြေဌာန၌ လောကုတ္တရာအကျိုးစီးပွားအတွက်သော်လည်းကောင်း၊ လောကီအကျိုးစီးပွား အတွက်သော်လည်းကောင်း တရားအားထုတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ပုတီးစိပ်ခြင်းများကို ပုဂ္ဂိုလ်အခြေအနေအလိုက် မိမိတို့ ယုံကြည်ချက် ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ရေးအတွက် အဓိဋ္ဌာန်ဝင် ကြိုးပမ်းဆောင်ရွက်ကြပေသည်။ သို့သော် ဤအောင်မြေဋ္ဌာန၌ အဓိဋ္ဌာန်ဝင်၍ အစဉ်အတိုင်းလှည့်လည်ကာ တရားထိုင်ခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အချိန်မပေးနိုင်သည့် ရပ်ဝေး၊ ရပ်နီးဘုရားဖူးပုဂ္ဂိုလ်များအနေဖြင့် တစ်နေရာတည်းတွင်ပင် မိမိတို့ရည်မှန်းချက်ကောင်းကျိုးလိုအင်ဆန္ဒမျာ၊ ပြည့်ဝအောင်မြင်နိုင်စေရန် ရွှေဆံတော် ဂေါပကအဖွဲ့မှ ပုဂ္ဂိုလ်မြတ်များ၏ အဆိုအမိန့်အရ- ‘ကိုးကွက်နဝင်း၊ ဓိဌာန်သွင်း၍ ခပင်းဥဿုံ၊ အလုံးစုံကို၊ သိုင်းခြုံပြုစွာ၊ ဓာတ်ဆက်ကာဖြင့်၊ ဂယာအောင်မြေ၊ တည်ထားပေသည်၊ များထွေကောင်းကျိုး ပြည့်စေဖို့ .... ဟူသော စေတနာအမှန် စိတ်ရည်သန်လျက် ဂေါပကအဖွဲ့ဝင်များက စီမံဆောင်ရွက်ထားသည့် ယင်းထူးခြားသော ဤကိုးနဝင်း ‘အောင်မြေ’ ကို ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ၏ အဆိုအမိန့် နှင့်အညီ ဖော်ထုတ်ထားပါသည်။ ဤကိုးနဝင်း ‘အောင်မြေ’ ကွက်အလယ်တွင်ရှိသည့် နီညိုရောင်ကြွေကျောက်ပြား(၉)ချပ်ပေါ်တွင် ခြေစုံ မတ်မတ်ရပ်၍သော်လည်းကောင်း၊ ထိုင်လျက်သော်လည်းကောင်း အမျိုးသား၊ အမျိုးသမီးမရွေး မည်သည့်ပုဂ္ဂိုလ်မဆို မိမိနှစ်သက်သလို နေရာယူပြီး ရွှေဆံတော်စေတီတော်မြတ်ကြီးဘက်သို့မျက်နှာမူအာရုံပြုလျက် မိမိနှုတ်မှ သရဏဂုံသုံးပါကို ယုံယုံကြည်ကြည် ရွတ်ဆိုကန်တော့ပြီးလျှင် မိမိအလိုလားဆုံးနှစ်သက်ရာဆု(၁)တစ်မျိုးကို ယုံကြည်မှုအပြည့်အဝဖြင့် အာရုံပြုတောင်းခံပြီးပါက ရွှေဆံတော်စေတီတော်မြတ်ကြီကို လက်ယာရစ်(၃)ပတ်လှည့်လည်ဖူးမြော်ပါ။ ထို့နောက် မိမိတို့၏ မွေးနေ့မွေးနံထောင့်ဂြိုလ်စင်၌ မိမိစိတ်တိုင်းကျ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ကို လှူဒါန်းကာ ငါးပါးသီလဆောက်တည်ကန်တော့ခြင်း၊ မေတ္တာပို့သအမျှပေးဝေခြင်းတို့ကို အချိန်တိုတောင်းစွာအတွင်း အချိန်မပေးနိုင်သူများအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။ သို့မှသာ မိမိတောင်းဆုကောင်းကျိုးလိုအင်ဆန္ဒများ ပိုမိုလျင်မြန်စွာ ပြည့်စုံပြီးမြောက်အောင်မြင်မှုများ ရမည်မှာ ဧကန်မလွဲ အမှန်ပင်ဖြစ်ပါသည်။