ဦးအောင်သည်၊ တောင်တွင်းကြီးမြို့၊ အနောက်မျက်နှာ ပိဿနိုးမြို့ဟောင်း၏အနီး၊ (ကြက်ဆူ တောရွာ)၊ ဇာတိဖြစ်သည်။ သူ၏အဘမှာ ဦးမြတ်ကျော်၊ အမိမှာ ဒေါ်ပုဟုခေါ်သည်။ ထိုဒေါ်ပုမှာ သားသုံး ယောက်၊ သမီးနှစ်ယောက်ရှိသည်။ သားသုံးယောက်တို့တွင်၊ ယခု ဦးအောင်သည် အငယ်ဆုံးဖြစ်သည်။ ဦးအောင်၏ သားချင်း (၅) ယောက် ဟူသည်ကား….. ၁။ ဖိုးရွှေလှ ၄။ မယ်ဖော့အူ ၂။ ဖိုးအစ် ၅။မယ်ပွင့် ၃။ ဖိုးအောင် ဤ ၅ ယောက်တို့ဖြစ်သည်။ မူလ မဟာ ပထမပဌမံဘိုးဘိုးအောင်ပုံတော် အစစ်
လွန်ခဲ့သောနှစ်ပေါင်း ၁၅၀ ခန့်က၊ လူအမည်ကို၊ အရိုအသေပြုသောအားဖြင့် သုံးနှုန်းခေါ်လျှင်၊ ယောကျ်ားများကို (ဖိုး) ထည့်ခေါ်သည်။ မိန်းမများကို (မယ်) ထည့်ခေါ်သည်။ အချို့ (ရှင်) ထည့်ခေါ်ကြ သည်။ ယခုခေါတ် အခါမှာတော့ ယောကျ်ားများကို (ဦး) ထည့်ခေါ်လေ့ရှိသည်။ မိန်းမများကို (ဒေါ်) ထည့်ခေါ်လေ့ရှိသည်။ ရှေးခေါတ်အခါက၊ (ဦး) အခေါ်နှင့် (ဒေါ်) အသုံးအနှုန်းများ၊ မပေါ်သေးဖြစ်သည်။ ထို့ကြောင့်၊အတော်ရှေးကျသော ဆွေစဉ် ဆွေဆက်များကိုကြည့်ရလျှင်၊ ဦးနှင့်ဒေါ် အခေါ်အသုံး များကို၊ မတွေ့ရဖြစ်လေသည်။ ယခုဆွေစဉ်၌ပါသော ဖိုးအောင်ဟာ၊ ပဌမန် ဦးအောင်ပင်ဖြစ်သည်။ ဦးအောင်သည်၊ သက္ကရာဇ် ၁၁၁၉ ခုနှစ်မှာ မွေးဖွားသည်။ ငယ်စဉ်က ဦးရီးတော်သော၊ ရဟန်းငယ် ဦးပညာနှင့်အင်းဝသို့၊ စာသင်လိုက်သွားသည်။ ရံခါတောင်တွင်းကြီးသို့ ပြန်လာသည်။ ထိုဦးပညာကား၊ နောင်အခါတံဆိပ်ရ၊ ဆရာတော် ဖြစ်၍ အင်းဝ၌ထင်ရှားသည်။ ဘုရင်၏ အကိုးကွယ်ကိုခံရသည်။ ဦးအောင်သည် ၁၃နှစ်သားအရွယ်က၊ အင်းဝသို့စ၍ ရောက်သဖြင့်၊ ထိုစဉ်အခါက၊ ဘိုးတော်ဝိုင်း တို့နှင့်၊ ဘုန်းကြီးကျောင်းမှာအတူနေရ၍ သိကျွမ်းသည်၊ ချစ်ခင်ကြသည်။ ဆိုးတူကောင်းမျှဟူ၍လည်း၊ ကတိသစ္စာထားကြသည်။ ဦးအောင်သည် သာမဏေဘဝနှင့် ၅ ဝါ စာသင်ခဲ့ဖူးသည်။ သဒ္ဒါတတ်ကျွမ်း သည်။ ဗေဒင်နက္ခတ်တို့ကိုလည်း အထူးလေ့ကျက်သည်။ အသက် ၂ဝ ပြည့်၊ ရဟန်းခံခါနီး၊ တောင်တွင်းကြီးကအမိအဘတို့သေဆုံးသဖြင့်၊ ပြန်လာ၍ အစ်ကိုကြီးများနှင့် အတူနေသည်။ ဝါသနာအလျောက်၊ အင်းအိုင် မန္တာန်တို့ကိုလည်း လေ့ကျက်သည်။ ရွှေရောင်တော်ဘုရားမှာ၊ မှီကပ်လျက် ဥပုသ်ကြီးခေါ်၊ အရက်လေးဆယ် စောင့်တတ်သည်။ ရံခါ ဘုန်း ကြီးကျောင်းကိုမှီလျက်၊ အဂ္ဂိရတ်ဖိုထိုးသည်။ ကပ္ပိယအလုပ်ကို လည်းလုပ်သည်။ မာတုဂါမကိုမယူ၊ လူပျိုကြီးဖြစ်သည်။ ယင်းသို့၊အဂ္ဂိရတ်ဝါသနာပါသဖြင့်၊ စကားပြောသောအခါ၊ ဘယ်သူဘာကိုပြောပြော၊ ဦးအောင် ကား၊ ဘော်၊ ချွတ်၊သွတ်၊ ပြဒါးသံ အကြောင်းတို့ကိုသာ ပြောသည်။ ဤသို့အဂ္ဂိရတ် အကြောင်းပြောပြ ပါများလာသဖြင့်၊ အခြားသူတို့က(နား) ညီသဖြင့်၊ မောင်အောင်က၊ ငအောင်ရူး ငအောင်ရူးဟူ၍ပင် ခေါ် ကြသည်။ ဤသို့၊ မောင်အောင်ရူးနေပြီထင်သဖြင့်၊ ဘယ်သူကမှဂရုမစိုက်ရှိလေ၏။ အစ်ကိုများကသာ ရံဘန် ရံခါထမင်းခေါ်ကျွေးသည်။ အိမ်မှာနေရန်လည်း ပြောသည်။ သို့သော်လည်း၊မောင်အောင်သည် အိမ်မှာ အမြဲမနေဘဲ၊ ဘုရားနှင့် ကျောင်းမှာသာသွား၍ အနေများသည်။ တနေ့သ၌ ရွှေရောင်တော်ကျောင်းက ဘုန်းတော်ကြီးသည် ပြန်လွန်တော်မူသဖြင့်၊ တပည့် ရဟန်း တို့၊ အသီးသီးပစ္စည်း ဘဏ္ဍာတို့ကို ဝေဘန်ကြရာ၊ မောင်အောင်လည်း အနီးအပါးမှာ ရှိသဖြင့်၊ ဆရာတော် အုံးသော၊ ညစ်ပေလှသော(ခေါင်းအုံး)ကို မောင်အောင်ဘက်သို့လှည့်၍ ရော့-မင်း ဝေစုဟုဆို၍ ပေးလိုက် လေ၏။ မောင်အောင်လည်း၊ ထိုခေါင်းအုံးကို ကောက်ယူလျက်အသာစမ်းကြည့်ရာ၊ ခက်မာသောအရာ တစ်ခု ကိုတွေ့ သဖြင့်ကျောင်းအောက်သို့ဆင်း၍ ဆိတ်ကွယ်ရာ၌ ခေါင်းအုံးကိုဖျက်၍ ကြည့်လေ၏။ ထိုအခါခေါင်းအုံးအထဲမှ ကြေးပုရပိုက် တစ်ခုကိုရလေ ၏။ ထိုကြေးပုရပိုက်ကိုဖတ်ကြည့်ရာ၊ လုပ်ရပ်လမ်း အမျိုးမျိုး အစီအရင်ပါသည့်အပြင် ရွှေရောင်တော်ထီး အကြား၌ ကြောင်နက်တစ်ကောင်ကို ဖမ်းယူရန် နည်းစနစ်ပါရှိလေ၏။ ထိုကြောင်နက်ကား၊ ရှေးကပင်ထင်ရှားရှိနေ၍ ၎င်း၏အသားကိုစားလျှင်၊ မည်မျှသိဒ္ဓိ ပေါက်နိုင် ကြောင်း၊ ထိုကြောင်နက်၏ ဦးခေါင်း၌ (အမတေ) ရှိကြောင်း၊ ဤသို့စသည်ဖြင့်သတင်းကြီးနေသော ကြောင်ဖြစ်၍ လူပေါင်းများစွာ ဝိုင်းအုံ၍ဖမ်းပါသော်လည်း၊ မမိမရရှိကြလေသည်။ မောင်အောင်ကား၊ ကြေးပုရပိုက်အညွှန်းအရ၊ တက်၍ဖမ်းယူရရှိသဖြင့်၊ ထိုကြောင်နတ်သားကို လည်း စားရ၊ (အမတေ)ကိုလည်း အသုံးပြုရလေသည်။ ထိုကြောင်နက်သား (အမတေ)တို့၏ သဲလွန်စ ကိုရ၍ ကြေးပုရပိုက်အညွှန်းအတိုင်း စီစဉ်ရာ၊ သုံးနှစ်ခန့်ရှိလျှင် ဝိဇ္ဇာအဖြစ်သို့ ရောက်လေသည်။ ယင်းသို့ သိဒ္ဓိပေါက်လျှင် အစ်ကိုများအိမ်သို့ မသွားတော့ဘဲ၊ ရွှေရောင်တော်ဘုရား၏ လှိုင်မုခ်ဝ ထဲမှာသာ နေလေ့ရှိသည်။ အစ်ကိုများလာရောက်သော်လည်း ဧသွားနဲ့သာဆို၍အိမ်ကိုကား ဘယ်တော့ ကမ ရောက်အောင်မသွားဘူးဖြစ်လေသည်။ ယင်းသို့ ခေါ်၍မရလေလေ၊ ရူးပြီဟူသော အထင်ရှိလေလေ ဖြစ်၏။ သို့သော်လည်း မောင်အောင်ကား မရူးဘဲရှိလေ၏။
မောင်အောင်သည် ရံခါပြည်မြို့ သို့ သွားသည်။ ရှေးကဘုရားဟောင်းကြီးတွေ အနီးအပါးမှာ နေသည်။ ပထဝီသိဒ္ဓိဖြင့်ခဏချင်းရောက်နိုင်သည်။ သို့သော်လည်း မိမိသိဒ္ဓိပေါက်ပြီဟုသော အဖြစ်ကို ကား၊ ဘယ်သူအားမျှ မပြောကြားပေ။ ပြည်မြို့သို့ဤသို့ ခဏခဏသွားသဖြင့် အသိအကျွမ်းတွေရှိ၏။ အနေအရောက်များ၏။ သို့ဖြစ်၍ အချို့ဆရာတို့က ပြည်မြို့သားပင်ထင်ကြသည်။ မောင်အောင်သည် ရွှေရောင်တော်ဘုရားနှင့်ဖိုးဦးတောင်တန်းကို ကူးသန်းကာသနေလေ့ရှိသည်။ ရံခါ ပုပ္ပါးတောင်သို့လည်း သွားသည်။ ဤသို့အားဖြင့် ကူးသန်းဖန်များလျှင် သူ၏အရိပ်အခြေကိုကြည့်ရှုကြ၍ မောင်အောင်သည် အရူးမဟုတ်၊ အဂ္ဂိရတ်၊လုပ်ရပ်ပေါက်ပြီဟူသော သတင်းသည်၊ တဖြည်းဖြည်း ကျော်ကြားလျက်၊ ဘိုး တော် ဦးဝိုင်းနားသို့ ကြားရောက်လေ၏။ဘိုးတော် ဦးဝိုင်းလည်း ဝိဇ္ဇာဖြစ်လျှင် ငါ၏ စည်းစိမ် လုယူတန် ၏ ဟု အောက်မေ့လျက် ဒိုင်နယ်ရှင် ဖြစ်သော သဲကန် ရွာသူကြီး ဘိုးရွှေသီးထံသို့ တောင်းလေ၏။ သူကြီး ဘိုးရွှေသီး လည်းမောင်အောင်ကို မိအောင်မဖမ်းနိုင်သဖြင့် မောင်အောင်၏ ဆွေမျိုးတို့ကို အကုန် ချုပ် နှောင်ထားလေ၏။ ယင်းသို့ အဖမ်းမခိုင်းခင်၊ မောင်အောင်သည် အစ်ကိုများနှင့်အတူ ခရီးသွားရာ လမ်းစခန်းတွင် အသီးရှိသောသရက်ပင် တပင်ကို တွေ့ရှိသဖြင့် အစ်ကိုများက ညီမောင်အောင်အား သရက်သီးတက်၍ ဆွတ်ခူးရန်ပြောကြားသောအခါ သရက်ပင် ပေါ်သို့မတက်ဘဲ၊ အောက်ကသာနေလျက် လက်ဝါးထောင် ပြလိုက်လျှင် အပြခံရသော သရက်သီးတို့သည် မြေပေါ်သို့ ကြွေကျကြလေကုန်၏။ ထိုအခါမှအစ်ကို တို့ သည် ညီ၏ပညာကိုသိရ၍ များစွာအံ့ဩပြီးလျှင်အထူးသဒ္ဓါကြလေကုန်၏။ အခါတပါးသော် မောင်အောင်သည် ပြည်မြို့သို့ရောက်လေလျှင်၊ မြို့ဝန်နှင့်တွေ့၍ မြို့ ဝန်က စုံစမ်းလို၍ မည်သည့်ပညာတတ်သနည်းဟု မေး၏။ မောင်အောင်က (တုတ်၊ အုတ်၊ တထောင်) ပြီးသော ပညာကိုတတ်ပါကြောင်း လျှောက်လေလျှင်၊ ထိုအခါ ဘားတကောင်ကိုလက်နှင့် ဆုပ်ကိုင်စေ၍ မောင်း တွင်ထည့် အထောင်းခိုင်းလေ၏။ လူတကျပ်နှစ်ယောက်တို့သည် အားရှိသမျှထောင်းကြရာ၊ အွတ် အွတ်မျှသာ အော်၏။ ထောင်းသူများမော၍ မထောင်းနိုင်မှ ဘားလည်းလက်ထဲက ခုန်ထွက်လာလေ သည်။ ထိုအခါမှ မြို့ဝန်လည်း မောင်အောင်ကို ရိုသေသော စိတ်ပေါ်ပေါက်လာ၍ အံ့ဩစကား ပြောကြား လေ သည်။ မောင်အောင်သည် ရွှေရောင်တော်ဘုရား၌၊ အဂ္ဂိရတ်လမ်းသိဒ္ဓိပေါက်သောအခါ၊ အသက် ၄၀ ကျော်၊ ၅၀ခန့်ရှိလေပြီ၊ သိဒ္ဓိပေါက်မှန်းသိကြသောအခါ၌ကား ဆရာကြီး၊ ဆရာအောင်စသည်ဖြင့် (ဆရာ) ဟူသောအလုံးကိုထည့်သုံး၍ အများကပင်ခေါ်ကြသည်။ ဝတ်ဖြူစင်ကြယ်စွာကို ဝတ်လေ့ရှိသည်။ အလုံး အရပ်မှာ၊ ခပ်မြင့်မြင့်၊ ခပ်ထွားထွားအသားဖြူဖြစ်သည်။ သဲကန်ရွာသူကြီး ဘိုးရွှေသီးသည်၊ မောင်အောင်၏ဆွေမျိုးတို့ကို ချုပ်နှောင်ထားစဉ်၊ ဘိုးတော် ဦးဝိုင်းကလွှတ်လိုက်သော၊ လူ အမူထမ်း ရဲဗိုဟ် ၂ဝခန့်တို့သည် တောင်တွင်းကြီးသို့ဆရာအောင်ကို ဖမ်းယူရန်၊ ဧရာဝတီမြစ်ကြောင်းကိုစုံလျက်၊လှေတော်နှင့်လာ၍ ကြက်ဆူတောရွာမှာ တည်းခိုကြသည်။ ဆရာအောင်ကို ခေါ်၍တောင်းလျှင် ဆရာအောင်လည်း၊ ပုပ္ပါး၌ နေရာမှခဏခြင်းလာရောက် အမိခံသည်။
ထိုအခါ၊ ကြိုး၊ ခြေကျဉ်းတို့ဖြင့် တုပ်နှောင်မည်ပြုရာ၊အသက် ၂ဝခန့်ဗိုလ်တစ်ယောက်ကား၊ ဤ သူသည် သူတော်ကောင်းလက္ခဏာရှိသည်၊ မချည်သော်လည်း ပြေးမည်မဟုတ်ပါဟု၊ ဟန့်တားသော် လည်း၊ အခြားဗိုလ်များက အမိန့်တော်အတိုင်း တည်အောင်ပြုရမည်ဟု၊ ချည်မြဲ ချည်ပြီးလျှင် လှေဝမ်း တွင်းသို့ချ၍ ကပ်ဖိထားလေသည်။ထိုအခါ ဆရာကြီးက တွေးတောစဉ်းစားမိသည်မှာမောင်ဝိုင်းသည် ငါ့သူငယ်ချင်း၊ ကျောင်း နေ ဘက်ဖြစ်သည်။သူသည်ကတိသစ္စာမတည်လေ။ ငါကမူကား တတ်နိုင်သမျှကယ်မမည်ဟု၊ သဘော ထား သည်။ ယခုသော်ကားကယ်ရန်အလိုမရှိတော့ချေ။ ငါသည် ရှေးကံအလျောက်၊ သိဒ္ဓိဆယ်ပါးအကုန်ပေါက် သဖြင့်၊ ဒါး၊ လှံ၊ သေနတ်၊ အမြောက်စသည်အကုန်ပြီးခြင်း၊ ကိုယ်ပြောင်းကိုယ်လွှဲပြုနိုင်ခြင်း၊ ကိုယ် ကို ဖျောက်နိုင်ခြင်း၊ ရွှေငွေအလိုသမျှရနိုင်ခြင်း၊ မြေလျှိုးမိုးပျံနိုင်ခြင်း၊သူတပါးစိတ် အကြံကိုသိနိုင်ခြင်းစသော အတတ်တို့ကို ငါရ၏။ငါသည် မောင်ဝိုင်းထံသို့ မလိုက်လိုသော်ဖြစ်၏။ သို့ရာတွင်ဆွေမျိုးများ လည်း ချမ်း သာစေခြင်းငှါ၎င်း၊ ဤရာဇဂုဏ်မောက်လှသောမင်းအား၊ ငါ၏သတ္တိကို ပြခြင်းငှါ ၎င်း၊ငါ လိုက် သွားအုံး မည်ဟု စိတ်ထဲထားလေ၏။ ဗိုလ်များလည်း လှေနှင့်၊ မိချောင်းရဲမှဆန်တက်၍၊ နာရီဝက်ခန့်ကြာသော် ကုန်းပေါ်မှနေ၍ ဦး အောင်က လှေတော်သားမောင်မောင်တို့ ငါ့ကိုဖမ်းဆီးလာကြရာ ငါမပါဘဲနှင့်အဘယ်သို့ သွားကြ မည် နည်းဟု မေးလေသည်တွင် လှေသားအားလုံးတို့ အံ့ဩကြောက်လန့်ကြလျက်၊ ကမ်းသို့လှေဆိုက်ပြီးလျှင် ကျွန်ုပ်တို့ အသက်ကိုကယ်ဆယ်သောအားဖြင့် ရှေ့တော်ရောက် လိုက်တော်မူပါ၊ ရှေ့တော်ရောက်မှအလို ရှိသည့်အတိုင်း ပြုတော်မူပါဟု ရိုသေစွာ တောင်းပန်ကြလေ၏။ ထိုအခါ၊ ယခင်လူငယ်က၊ ပထမကပင် ရိုသေစွာပင့်ခေါ်ရန်ကြံပါသည်။ သည်းခံတော်မူပါဟုဆို ကာ လ၊ ဦးအောင်လည်း ထိုသူငယ်၏ လက္ခဏာအရည်အချင်းကိုကြည့်၍ငါကဲ့သို့ပင် ပညာတတ် စွမ်းနိုင် မည့် လက္ခဏာရှိ၏ဟု အောင်းမေ့လျက် ကောင်းပြီငါလိုက်ခဲ့အံ့၊ သို့ရာတွင် လှေထဲက မလိုက်လိုကုန်း ပေါ်က သာငါလိုက်မည်၊ ငါပါလာကြောင်းကိုလည်းနံနက်တိုင်း ကုန်းပေါ်ကကိုယ်ထင်ပြမည်ဟု ပြောဆို လေ၏။ ယင်းသို့လျှင် ဆန်ခဲ့ရာ၊ အမရပူရသို့ ရောက်ကာလဗိုလ်များက ယခုရှေ့တော်သို့ ဝင်သောအခါ၌ မိမိတို့ အပြစ်လွတ်အောင်၊ ခါးကြိုး၊ လက်ပြန်ကြိုးများ ထည့်ရပါမည်အကြောင်း တောင်းပန်၍ ထည့်ပြီး လျှင် ရှေ့တော်သို့ ဆောင်ခဲ့လေ၏။ ဘိုးတော်လည်း နန်းတော်တံခါးအဝင်ဝတွင်၊ တွင်းနက်စွာတူး၍ မသိ မမြင်နိုင်အောင် ဖုံးအုပ်စေလျက်၊ ဦးအောင်လာ၍ ကျလျှင်တစ်ခါတည်းမြေဖို့ မြှုပ်လိုက်ရန် စီစဉ်ထားနှင့် လေ၏။
ဦးအောင်ကို ၎င်းတွင်းရှိရာမှ ဆောင်လေသဖြင့် တွင်းထဲသို့ကျလေလျှင်၊ အားလုံးဝိုင်း၍မြေဖို့မြှုပ် လိုက်ကြလေသည်။ ဘိုးတော်လည်း ရာဇပလ္လင်ပေါ်မှ မှန်ပြောင်းနှင့်ကြည့်ရှုလျက်ရှိသဖြင့် မြင်သောအခါ အားရဝမ်း သာ စွာဖြင့် မှတ်ဟဲ့၊ ငါမှန်းသိရဲ့လား၊ ငါ့ဘုန်းရှိန်ကို ငအောင်လိုလူ ခံနိုင်ပလားဟုကြုံးဝါးလိုက်သည်နှင့် တစ်ပြိုင်နက်၊ နောက်ကကပ်လျက်၊ဘာတဲ့ကွဲ့၊ မောင်ဝိုင်းဟုဆိုသံကြားသဖြင့်၊ လှည့်ကြည့်လိုက်ရာ ဦး အောင် ကိုတွေ့မြင်ရလေ၏။ ထိုအခါ ဘိုးတော်သည် ရှေးကသိဘူးသော သူငယ်ချင်း မောင်အောင် ပင်ဖြစ်၍ အမျက်လည်းထွက်၊ ရှက်လည်းရှက်သော်လည်း ဣန္ဒြေဆယ်ပြီးမှ ဘဲ့နှယ်လဲမောင်အောင်၊ မင်းမသေဘူး လားဟု ပြုံးရယ်လျက် မေးလေ၏။ ဦးအောင်က မင်းလို သစ္စာမတည်သူက သတ်လို့ ငါသေပါ့မလား၊ မင်းအလွန်မှားသည်၊ မင်း၏ စည်းစိမ်မျိုးကို ငါကအိမ်သာစုတ်လောက်ထင်သည်။ ငါ့ပညာမျိုးကိုလည်း မင်းကမျက်လှည့် လောက်ထင် လိမ့်မည်။ ပါရမီဆိုတာ တစ်မျိုးစီဖြစ်သည်။ မင်းသည် ငါ့ကိုသတ်ဖို့မဆိုထားနှင့် ငါရေးပေးသော (ဝ) တစ်လုံးကိုမျှ ဖျက်နိုင်မည်မဟုတ်ချေဟု၊ဆိုသောအခါ ဘိုးတော်လည်း ရှက်လှသဖြင့် ငါပျက်အောင် ဖျက် မည် ရေးလေ့ဟုဆို၍ ပုရပိုက်နှင့် ကန့်ကူဆန်ကိုပေးရာ ဦးအောင်လည်း(ဝ)တစ်လုံးရေးပေး လိုက်၏။ ထိုအခါ ဘိုးတော်သည် (ဝ)တစ်လုံးကိုဖျက်သော်၊ (ဝ)နှစ်လုံးဖြစ်လာလေ၏။ (ဝ)နှစ်လုံးကို ဖျက် ပြန်သော်၊ (ဝ) လေးလုံးဖြစ်လာ၏။ ဤသို့လျှင် ဖျက်သောအခါတိုင်း၊ နှစ်ဆတိုးတိုးလာ၍ ပုရပိုက်တစ်ဆူ လုံး၊ နန်းကြမ်းပြင်၊ နံရံစသည်ဖြင့်၊ တစ်နန်းတော်လုံး (ဝ) ချည်းရှိလေသည်။ ထိုအခါမှ ဦးအောင်က မောင်ဝိုင်း၊ ဤကဲ့သို့ပင် မှတ်လေ၊ ငါ့ကိုသတ်လျှင် နှစ်ယောက် ၊လေး ယောက်၊ ရှစ်ယောက် စသည်တို့ဖြင့် များစွာသော မောင်အောင်တို့သည် ဖြစ်လတံ့၊ ငါ့ကို အသင်သတ် ခြင်းငှါ မည်သည့်အခါမျှ စွမ်းနိုင်မည်ဟုတ်ချေ။ သို့ရာတွင် ငါ့ကိုသေစေလိုက၊ ကျွန်းသစ်တုံး ထွင်းဖောက် ၍ ငါ့ကိုထည့်ပြီးမှ လုံခြုံအောင်ပိတ်လျက်၊ လေးလှသော ခဲများဆွဲပြီးလျှင် ရေသို့ချလေဟုဆိုလေ၏။ ဘိုးတော် လည်းဆိုသည့် အတိုင်း ပြုလုပ်၍ ရေတွင်ချလေ၏။ ယင်းသို့ဖြစ်၍၊ လူအများက ဦးအောင်သေပြီဟုထင်ကြသည်။ သို့ရာတွင် ထင်သကဲ့သို့ မသေဘဲ၊ နံနက်မိုးသောက်ရောက်သောအခါ ယခင်က အသက် ၂ဝရွယ် သူငယ်အိမ်သို့ ဝင်ရောက်၍ ပညာများသင် ပေးသွားသည်ဟု သတင်းဖြစ်ပွားလေ၏။ ထိုနောက် တစ်နှစ်ခန့်ကြာရှိသောအခါ ဘိုးတော်၏ သားတော်၊ တောင်ငူမင်းနှင့် ဝိဇ္ဇာဦးအောင် တို့သည် ရွှေကြက်ယက်ဘုရား၌တွေ့ကြလေသဖြင့် ဦးအောင်က တောကြီးတစ်ခုထဲသို့ ခေါ်သွားပြီးလျှင်၊ ထူးဆန်းသောနန်းပြသာဒ်များကို လည်းကောင်း၊ လက်နက်အပြည့်အစုံနှင့် ထောင်သောင်းမကသော စစ်သားများကိုလည်းကောင်း၊ လှပယဉ်ကျေးသော မိန်းမများကိုလည်းကောင်း၊ မင်းသားအားပြပေ၏။ ထိုမှတပါး လည်း ငါသည်၊ ဘိုးတော်နှင့် စစ်ကိုင်းကျောင်းတွင် နှုတ်ကတိ သစ္စာထားကြကြောင်း၊ သို့သော် လည်း ဘိုးတော်က သစ္စာဖျက် လေသဖြင့် ဘိုးတော်ကိုယ်တိုင်ကိုကား မ,မစတော့ပြီ။ သားမြေးများကို သာ သင့်တန်သမျှ ကြည့်ရှုမည့် အကြောင်းများကိုပြောဆိုမှာ ကြားပြီးနောက်၊ ဦးအောင်သည်ရုတ်တရက် ကွယ်ပျောက်လေ၏။ မင်းသားလည်း မိမိအိမ်သို့ အလိုလိုရောက် နေလေသည်။
တောင်ငူမင်းသားသည်၊ ဤကဲ့သို့ ဦးအောင်နှင့် တွေ့ ရကြောင်းနှင့် မှာကြားသွားသော စကားရပ် အလုံးစုံတို့ကို ခမည်း တော်အားပြန်၍ လျှောက်ထားသောအခါ၊ ဘိုးတော်ဘုရား သည်နောင်တ ကြီးစွာ ရလေသည်။ လွန်ခဲ့သော နှစ်ပါင်း ၅ဝခန့်က ရွှေရောင်တော်ဘုရား ၏အနောက်မျက်နှာ၊ ခရီးတတိုင် ခန့်ကွာ ဝေးသော၊ ကမ်းနီးရွာ သား မောင်ကျောက်ဆိုသော သူငယ်တစ်ယောက်သည်၊အောက်နိုင်ငံသို့ အလုပ် အကိုင်သွားမည့် အကြံအစည်နှင့် ယနေ့ နေ့ရက်ကောင်းသည်ဟု ဆို၍ ညနေပိုင်းထွက်လာပြီး လျှင်၊ ရွှေ ရောင်တော် ဘုရားအနီး၊ ဇရပ်ပေါ်မှာ အိပ်လေ၏။ထိုအခါ ဝတ်ဖြူစင်ကြယ်စွာနှင့်၊ လူသူတော်တစ် ယောက် ကိုတွေ့သဖြင့်၊ မင်းဘယ်သူသားမြေးလဲ၊ ဘယ်သူ၏သားမြေးဖြစ်လျှင်၊ ငါ့မြေးတော်တယ်၊ မင်း တို့ အဘိုးကလူရိုးဘဲကွ စသည်ဖြင့် မေးမြန်းပြောဆိုလျက် ယခုမင်းဘယ်သို့သွားမည်နည်းဟုမေးလေ၏။ ကျွန်တော်ပြည်မြို့သွားမယ် စသည်ဖြင့်၊ ခရီးစဉ်ကို ပြောပြလျှင်၊ ဒါဖြင့် ငါလဲ ပြည်မြို့ သွားမယ်၊ အတူတူပေါ့ဟု ဆို၍ အိပ်စက်ကြလေသည်။ အရုဏ်လင်းသောအခါ၊ လူသူ တော်က ထ, ထဟု နှိုးသဖြင့်၊ ခေါင်းထောင်ကြည့်လျှင် ရွှေဆံတော်ဘုရားကို မြင်ရလေ၏။ မောင်ကျောက်လည်း ဤလူသည် ဦးအောင် ဖြစ်တန်ရာသည်၊ ငါတို့အဖေများပြောဘူး သည်ဟု အောက်မေ့လျက်၊ ဘုရားအတူ ဖူးမြော်လေ၏။ထို့ နောက် တစ်ဖန် လူသူတော်က ကျိုက်ထီးရိုးဘုရားသို့ သွားရောက်အောင်ဆိုလျှင် တစ်ခဏခြင်းနှင့် ရောက် ၍ ဖူးမြော်ကြပြန်သည်။ ထိုနောက် တစ်ဖန်ရွှေတိဂုံဘုရားသို့သွားရ အောင်ဆိုလျှင် တစ်ခဏ ခြင်း နှင့်ပင် ရောက်၍ ဘုရားကို ဖူးမြော်ကြလေသည်။ ထိုနောက်တစ်ဖန် ဟိမဝန္တာသို့သွားရအောင်ဆိုလျှင်၊ မောင်ကျောက်သည် ငါသည်တစ်နေ့တည်း နှင့် ဘုရားသုံးဆူ ရောက်ရလေပြီ၊ အိမ်ကိုလည်း လွမ်းလှပြီဟု၊ အောက်မေ့လျက် ဆရာကျွန်တော်မလိုက် ချင်ဘူး၊ အိမ်ကိုလွမ်းပြီ၊ ပြန်ချင်ပြီဟုဆို၍ အခွင့်တောင်းလေလျှင် ထိုအခါ လူသူတော်က ကိုင်းဒါဖြင့် လျှင်၊ ပြန်ပေတော့ဟုဆို၍ ငွေ ၅ိကို၊ အိတ်ကပ်ထဲသို့ ထည့်လိုက်လေ၏။ မောင်ကျောက်လည်း မီးရထား လက်မှတ် ယူ၍ ရန်ကုန်မှပြည်မြို့သို့လာ၏။ ထိုသို့လက်မှတ်ယူခြင်း၊ ထမင်းဝယ်စားခြင်း ပြုသော်လည်း၊ ငွေ ၅ိ သည်မလျော့ဘဲ၊ အိတ်ကပ်တည်းသို့ ရောက်မြဲရောက်၍ နေလေ၏။ ထိုငွေ (၅)မလျော့သဖြင့် မီးသင်္ဘောစီး၍ မိချောင်းရဲ ဆိပ်ကမ်းမှာဆင်းသည်။ ထိုကမှ ခရီးအစဉ် အတိုင်းလာရာ၊ အိမ်သို့ရောက်လျှင်၊ ငွေ ၅ိ သည် အိတ်ကပ်ထဲမှာ မရှိတော့ဘဲ ပျောက်ကွယ်လေ၏။ယင်း သို့ မောင်ကျောက်ပြန်လာလျှင်၊ မိဘသားချင်းတို့က အကျိုးအကြောင်းမေးရာ၊ ရွှေရောင်တော် ဘုရားမစ ၍ ရွှေဆံတော်၊ ကျိုက်ထီးရိုး၊ ရွှေတိဂုံတို့သို့ သူတော်တစ်ယောက်နှင့်တစ်နေ့ချင်းသွားရောက်ခဲ့ရကြောင်း၊ ငွေ ၅ိ ပေးလိုက်ကြောင်း စသည်တို့ကို စုံစေ့အောင်၊ ပြန်ပြောင်း၍ပြောပြလေ၏။ ထိုအခါ လူအများတို့က ဟာဒါဖြင့်လျှင် ဝိဇ္ဇာဦးအောင်ပါပဲ၊ တို့အမျိုးဆိုတာဟုတ်တယ်၊ မည်သူ နှင့်မည်သူ ဘယ်လိုတော်တယ်၊ ဆွေစဉ်တောင်ရေးပြီးသား ရှိသေးတယ်၊ မင်းဖျင်းရန်ကောဦးအောင် နှင့် တွေ့ ရလို့မှ သူခေါ်တာမလိုက်ဘူးစသည်ဖြင့် ဝိုင်းအုံမြည်တွန်ပြောဆို ကြသောအခါ မောင်ကျောက် လည်း နောင်တရလျက် ဦးအောင်နှင့်ထပ်မံ၍ တွေ့ရနိုးနိုး၊ ရွှေရောင်တော်ဘုရားသို့ သွားရောက်၍ အ ဂ္ဂိရတ် ထိုး၍ နေလေ၏။
ထိုနောက် မောင်ကျောက်သည် ဘုန်းကြီးဘောင်သို့ ကူးလျက်၊ ရဟန်းဝတ်နှင့်ပင်၊ သက္ကရာဇ် ၁၂၇ဝ ခုနှစ် လောက် က ပြန်လွန်တော်မူလေသည်။ ထိုကိုကျောက်နှင့် သားချင်း သူငယ်ချင်းတို့ကား ယခုတိုင်အောင် ကမ်းနီရွာ၌ ထင်ရှားရှိ ကြပေသေးသည်။ ပဋ္ဌမန်ဦးအောင်၏ ဆွေမျိုး၊ သားမြေ၊မြစ်တော် သောသူတို့သည် သဲကန်၊ ကြက်ဆူတော၊ ကမ်းနီ၊ ချင် ကိုက်ကုန်းမှစ၍ များစွာသောအနီး အနားရွာတို့၌ တွေ့ ရှိကြရသည်။ ပဋ္ဌမန်ဆရာ၊ ဝိဇ္ဇာဦးအောင်ရေးသော ကျမ်းပေါင်းများ စွာတို့တွင် ဓါတ်ကျမ်း၊ တက်လမ်း လင်္ကာ တွင်။ ။ ဘဒ္ဒကမ္ဘာ ပေါ်ဦးစွာက၊ လူ့ရွာမနှော၊ မြိုင်တောမို့မို့၊ တောင်ညို့ဟေမဝါ။ အစချီးသော စကားတို့ ဖြင့်၊ စပ်ဆိုစီကုံးသည်တစ်ရပ်။ဧကက္ခရာ၊ ကောသလ္လာကြောင့်၊ ဧကအက္ခရာ၊ တစ်လုံးစာကိုသမ္မာသမ္ဗုဒ္ဓ၊ အကျဉ်းပြခဲ့သည်။ အစချီသော ရကန် ၁၅ပုဒ်၊ ဆုတောင်းကိုးပုဒ်။ ။ မူလလမ်း။ ။ ဤသို့စသည်ဖြင့်ကျမ်းအ များ ထင်ရှားရှိလေသည်။ သို့ဖြစ်သောကြောင့် ဦးအောင်သည် ထွက်ရပ်လမ်းပေါက်ကြောင်းကို မုချဧကန် ဟုမှတ်ယူရမည်။ ဦးအောင်သည်၊ ဘိုးတော်ဦးဝိုင်းလက်ထက်၌ တွက်ရလမ်းပေါက်ရောက်ကြောင်းကိုကား၊ ၎င်း ရေး သောစာများတွင်၊ အရိပ်အမြွက်မျှတွေ့ရသည်ကား။ ။ ရကန်တွင်။ ။ သူ့ရုပ်သွင်မှာ၊ သမင်မဟုတ်၊ ရှင်မဟုတ်နှင့် ဦးထုပ်တရပတ်၊ ပေလူ ကပ်လို့ ပညတ်တော်မူ။ ။ ဟူသောစကား။ ။ ရွှေမဏိတော်ရတ နာမှာ ရွှေဒေါက်ချာဖြိုးလူလူနှင့်။ ။ ဟူသောစကားများ မှာ၊ ရဟန်းများ ဒေါက်ချာဦးထုပ်ဆောင် သော၊ ဘိုးတော်ဦးဝိုင်း လက်ထက်ကိုပြသည်။ ၎င်းပြင်။ ။ ပိဋကတ်သုံးပုံ၊ သည်ခေတ်တွင်ကြုံခါမှ၊ တုံလိုတုံ၊ ရုံလိုရုံ၊ ခေါင်းမြီးချုံကြသည်။ ဟူသောစကားမှာ တုံဂိုဏ်းရုံဂိုဏ်းများစွာ ပေါ်ပေါက်သော၊ ဘိုးတော်လက် ထက်ကိုပင်ပြသည်။ ထို့ကြောင့်၊ ဘိုးတော်ဦးဝိုင်းလက် ထက်မှာ၊ ပဌမန်ဆရာ ဦးအောင်၊ ထွက်ရပ်လမ်း ပေါက် သည်ဟု မှတ်ရာ၏။
ဦးအောင်သည်၊ ထွက်ရပ်ပေါင်းဘို့ရာ နှစ်ပေါင်းများစွာ လေ့ကျက်အားထုတ်ရသည်။ သိဒ္ဓိဆယ် ပါးကို ပြုဖွယ်ကိစ္စပြီး တောင်မှ၊ တောင်တွင်းကြီးမှာ၊ များစွာနှစ်လကြာအောင် နေသေးသည်။ တောင် တွင်း သူ တောင်တွင်းသားတို့၏ စိတ်ဓါတ် မှာ၊ ဦးအောင်ဝိဇ္ဇာအဖြစ်သို့၊ ရောက်သွားသည်မှာ၊ လွန်ခဲ့သော ၁၀နှစ်၊ ၉နှစ်ခန့်လောက်ကဟု အထင်ရှိနေကြသည်။ အဘယ်ကြောင့်နည်းဟူမူကာ၊ ဆွေစဉ်ဆွေဆက်က လည်း ထင်ရှားရှိနေ ခြင်း အသက်အရွယ်ကြီးသော သူတို့၏စကားအစဉ်ကလည်း ယခုတိုင်ပြောဆိုလျက် ရှိနေကြခြင်းတို့ကြောင့် ဖြစ်သည်။ ဦးအောင်သည်၊ ရွှေဆံတော်ဘုရား၏အနီး ဇရပ်တစ်ခုမှာ၊ တည်းခိုလျက်၊ ခွေးထီး၊ ခွေးမတို့ကို ငါးရာခန့်လောက်ရအောင် စုဆောင်း၍၊ ထမင်းချက်၍ ကျွေးလေ့ရှိသည်။ ထိုခွေးငါးရာတို့ကို ထမင်းချက် ၍ ကျွေးသော အိုးသည်၊ ဆန်တစ်ခွက်ဝင်လောက်သာရှိသည်။ အလုပ်မလုပ် အလှူမခံဘဲနှင့်ကျွေးနိုင် တာ ကို မြင်ကြသဖြင့် လူအများတို့က အံ့ဩကြသည်။ ဦးအောင်သည် ငယ်စဉ်အသက် ၂ဝခန့်ကပင်၊ စာပေ ပညာတတ်ကျွမ်းလှသည်။ အသက် ၄ဝ ကျော်၊ သိဒ္ဓိပေါက် သော အခါ၌ကား ထို့ထက် အလွန်သာ၍ ပညာပြည့်စုံသည်။ သို့ဖြစ်၍ သူထွက်ရပ် လမ်းပေါက်သောအတိုင်းကို၊ ကြေးပုရပိုက်နည်းကိုမှီ၍ လင်္ကာသစ် စီကုံးခဲ့သည်။ ထို့ကြောင့်၊ (ပဌမန် ဦးအောင်နည်း) ဟု၊ ယခုတိုင် ထင်ရှားနေသည်။ ထိုကြေးပုရပိုက်သည်၊ ဦးအောင်၏ ပါရမီအကျိုးပေးခွင့်၊ အချိန်သင့်သဖြင့် ရွှေရောင်တော် ဘုန်း တော်ကြီး၏ ခေါင်းအုံးထည်းသို့၊ ဝိဇ္ဇာတစ်ဦးကလာရောက်ထည့်သွား ရသည်။ ထိုဘုန်းတော်ကြီး၊ စီ ရင်ခဲ့သောနည်းမဟုတ် ဖြစ်သည်။ ဝိဇ္ဇာအစဉ်အဆက် သုံးစွဲခဲ့သော နည်းဟောင်းဖြစ်သည်။ ပဌမန် ဆရာအောင်သည်၊ ဟိမဝန္တာတောင်မှာ ယခု နေသည်ဟု ထင်ကြသည်။ ရံခါ ပုပ္ပါးတောင် နှင့် ဖိုးဦးတောင် မှာ လာရောက်နေသည်ဟု ထင်ကြသည်။ ရွှေရောင်တော် ဘုရားသို့လည်း မကြာခဏ လာရောက်ဟန် ရှိသည်။ အကြောင်းသော်ကား၊ လပြည့်၊ လကွယ်အခါရက်ကြီးတို့၌ နံနက်စောစော ၄ နာရီအချိန်တိုင်လျှင်၊ ဘုရားယင်ပြင်တော် သပိတ်ထဲမှာ၊ အငွေ့တထောင်းထောင်းနှင့် လတ်ဆတ်သော ဆွမ်းဘောဇဉ်များကို တွေ့မြင်ကြရသည်။ ထိုဆွမ်းသည် အလှူရှင်မပေါ်ပေါက်သဖြင့်၊ ပဌမန်ဝိဇ္ဇာ ဦးအောင်၏ ဆွမ်းပင်ဟုအယူရှိကြသည်။ အချို့သဘင်သည်များက စကြာမင်းကလေးကို ဝိဇ္ဇာ ဦးအောင်စောင့်ရှောက်ကြောင်းစသဖြင့် ဇာတ်ထုတ်လုပ်၍ ကပြသည်ကိုလည်း၊ ငါတို့ငယ်စဉ်က ကြည့်ရှုမှတ်သားရဘူး သည်။ ဤကား၊ ပဌမန် ဦးအောင်အကြောင်းတည်း။ (သတ်ပုံမှာ မူရင်းစာအုပ်၌လာသည့် အတိုင်းဖြစ်ပါသည်။) တောင်တွင်းကြီးမြို့၊ ရတနာဗိမာန်တောရ (ဆရာတော်ကြီး၏ တပည့် (အစိုးရ ပဌမကြီး) ဦးဉာဏစီရင် ရေးသားတော်မူအပ်သော “တောင်တွင်းကြီး ရာဇဝင်သစ်’ စာအုပ်မှ ထုတ်နုတ်သည်။)
နောက်ဆက်တွဲ (၄) မဟာပဌမံ ဘိုးဘိုးအောင် အတ္ထုပတ္တိအကျဉ်း မဟာပဌမံ ဘိုးဘိုးအောင်သည် ပိဿနိုးမြို့ဟောင်း အရှေ့မြောက် ကြက်ဆူတောရွာ ဇာတိ ဖြစ်သည်။ မိဘနှစ်ပါး မှာ ဦးမြတ်ကျော်၊ ဒေါ်ငြိမ်းမယ် ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၁၁ခုနှစ်တွင် ဖွားမြင်သည်။ အင်္ဂါသားရာဇဖွား ဖြစ်သည်။ မွေးချင်း ၅-ဦးရှိသည်။ ဖိုးရွှေ၊ ဖိုးမောင်၊ ဖိုးအောင်၊မယ်ကျော့၊ မယ်ဖော့ တို့ဖြစ်သည်။ အသက် ၇နှစ်မှာ ၁၂နှစ်အထိ ကြက်ဆူတော ဘုန်းတော်ကြီးကျောင်း၌ နေခဲ့သည်။ ဖခင်ကွယ် လွန်ပြီး နောက် လက်ပံရှည်ရွာသို့ ပြောင်း၍ ကြေးနီကျောင်း ဆရာတော် ဦးဝိဇယထံ၌ ကျောင်းအိပ် ကျောင်း စားနေသည်။ မြို့သူကြီး အိမ်က ကွမ်းအစ်ကို အပို့အယူလုပ်ရသည်။ တစ်ညနေ မြို့သူကြီး အိမ်မှာ အပြန် ရွှေအင်းတောင် အရှေ့ဘက်ရေကန်ထဲမှ မျောက်ဦးခေါင်းပုံ အင်္ဂတေတုံးရသည်။ ထိုအင်္ဂ တေတုံးထဲမှ ကြေးပုရပိုက်ရသည်။ ထိုကြေးပုရပိုက်ကို ကြေးနီကျောင်း ဆရာတော်ထံအပ်သည်။ ကြေးနီ ကျောင်းဆရာတော်ထံတွင် သာမဏေဘဝဖြင့် ၅ဝါရပြီးနောက် အမေ၏အကို ဦးပညာဒီပနှင့် အင်းဝသို့ လိုက်သွားပြီး စာဆက်သင်သည်။ အသက် အရွယ်ရဟန်းဖြစ်ခါနီး မိခင်မမာ၍ ပြန်လာသည်။ ညီအစ်ကို မောင်နှမများက အိမ်ထောင်ခွဲကုန်ကြပြီ။ မိခင်ကွယ်လွန်ပြီး နောက် လူဝတ်လဲသည်။ ဆရာတော် ဦးဝိဇယ ထံမှ အမွေအဖြစ်ရသည့် ခေါင်းအုံးထဲမှ မူလအင်းပုရပိုက်နှင့် အင်း ၂ဆ ရသည်။ ဆရာတော်ကား ဘိုးဘိုးအောင် အင်းဝမှာ ရှိစဉ်ကပင် ပျံလွန်တော်မူခဲ့သည်။ ဘိုးဘိုးအောင်သည် အိမ်မှာအနေနည်းပြီး ရွှေရောင် တော်မှရှိသော တောရကျောင်းသို့သွား၍ နေသည်ကများ သည်။ အသက် ၄ဝ ပြည့်မီ ရွှေရောင်တော်မှ ခွာခဲ့သည်။ ပြည်သို့ရောက်ပြီး ရွှေဆံတော် တနင်္ဂနွေထောင့်မှာနေသည်။ ညအခါ ကြက်တင်းတောင်ထိပ်သို့ တက်၍ အင်္ဂါထောင့်မှအာကာသ ကသိုဏ်း ကျင့်စဉ်ကိုတက်သည်။ ၄၇နှစ် ရောက်သောအခါ အောင်မြင်ပေါက်မြောက်သည်။ ဘိုးဘိုးအောင်ရုပ်တုနှင့်စပ်လျဉ်း၍ မေးမြန်းသည့်အခါ နောင်တွင် သူ၏နည်းအတိုင်း ဆက်၍ ကျင့်သည့် တပည့်နှစ် ဦးက သူ့ကိုယ့်စာ ပုံတူထု၍ ကိုးကွယ်ခဲ့သည့် ရုပ်တုဖြစ်ကြောင်း ပြောကြားသည်။ ထိုစဉ်က သရေခေတ္တရာမြို့၏ အနောက် တောင်ထောင့်ရှိ ကျောက်ဆစ်သူတစ်ဦးက ထုပေးသည်ဟုအ ဆိုရှိခံပါသည်။ ထိုရွာသည် သရေခေတ္တရာမြို့မှ အောင်မြင် ဗာဟုသို့ သွားသောလမ်းဘေးမှာ ရှိခဲ့သည်ဟု သိရပါသည်။ (အထက်ဖော်ပြပါ မဟာပဌမံ ဘိုးဘိုးအောင်၏အတ္ထုပ္ပတ္တိအကျဉ်းကို မဟာပဌမံ ဘိုးဘိုး အောင်နှင့် ပဋ္ဌာန်း ဆက်ရှိပြီး နေ့စဉ် အမြင်အာရုံ၊ အကြားအာရုံ၊ မနောအာရုံတို့ဖြင့် အဆက် အသွယ် ပြုနေသော ပြည်မြို့နယ်၊ ပျဉ်းမအိုင်ရွာ ဇာတိသား ဆရာကြီး ဦးကျော်ဝင်းထံက ရရှိပါသည်။ ဆရာကြီး ဦးကျော်ဝင်း၏ တပည့်တစ်ဦးက အဘ မဟာပဌမံ ဘိုးဘိုးအောင် ကိုယ်တိုင်ချီးမြှင့်သည့် အတ္ထုပ္ပတ္တိ ကို သိလိုပါကြောင်း ဆရာကြီး ဦးကျော်ဝင်းထံ မေတ္တာရပ်ခံ သဖြင့် ဆရာကြီး ဦးကျော်ဝင်း၏ ပင့်ဖိတ်ချက်အရ အဘ မဟာပဌမံ ဘိုးဘိုးအောင် ကိုယ်တိုင်ကြွပြီး ချီးမြင့် ပြောကြားခဲ့ သော အတ္ထုပတ္တိဖြစ်လေသည်။ ထိုအတ္ထုပတ္တိကို ၁၉. ၇.၂ဝဝ၄ရက် နေ့၌ ရရှိခဲ့လေသည်။)