လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး၏ စေတီဝန်းအတိုင်းအတာများ နှင့် ထူးခြားချက်များကိုအောက်ပါအတိုင်းဖော်ပြထားပါသည်။
(၁) အရှေ့ဘက်မျက်နှာ မြောက်မှတောင်သို့ ၁၀၅ ပေ (၂)တောင်ဘက်မျက်နှာ အရှေ့မှအနောက်သို့ ၁၀၇ပေ (၃)အနောက်ဘက်မျက်နှာ တောင်မှမြောက်သို့ ၁၀၆ ပေ (၄)မြောက်ဘက်မျက်နှာ အနောက်မှအရှေ့သို့ ၁၀၄ပေ၊၆လက်မ
(က) ပထမဌာပနာ-သုဒဿနတောင် လိုဏ်အတွင်းအတောင် ၈ဝ-တူး၍ မဟာသက္ကရာဇ် ၁၀၃-ခု၊ ဘီစီ၅၈၉၊ တပေါင်းလပြည့်နေ့တွင် အဇ္ဇိက၊ ဘလ္လိကတို့က ရှေးဘုရား၃-ဆူ တို့၏ ဒုကုဋ်၊ အံသကိုက်၊ ခါးပန်းကြိုးငှာ ပနာရာရွှေအိမ် ၃-ဆူ၊ ဂေါတမ ဘုရား၏ ဆံတော် ၄ဆူ၊ မွေရှင်တော် ၈-ဆူ၊ နိသီဒိုင် အခင်းတို့ဌာပနာရာ ရွှေအိမ် ၁-ဆူတို့ကို ဌာပနာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ဌာပနာပြီး တောင်ထိပ်၌ ၇-တောင်အမြင့် စပါးစုသဏ္ဌာန်စေတီ တည်ခဲ့သည်။ (ခ) ဒုတိယဌာပနာ-သာသနာတော်နှစ် ၁၂၆၊ ဘီစီ ၄၁၉-၌ ဒွတ္တပေါင်မင်းကြီးက တောင်ထိပ် စေတီတော်ကို ချဲ့ထွင်ကာစေတီလုံးပတ်ဝင်း၌ ရွှေအိမ်လေးဆူနှင့် ဌာပနာ တိုက်ပြုလုပ်ပူဇော် ခဲ့ ခြင်း ဖြစ်သည်။
(က) ပထမထီးတော်- မွန်မင်းများ တင်လှူခဲ့သော ထီး တော်ဖြစ်သည်။ (ခ) ဒုတိယထီးတော် - အလောင်းမင်းတရားကြီး ပြည်မြို့ကို သိမ်းပိုက်ပြီး တင်လှူခဲ့သော ထီးတော် ဖြစ်သည်။ အလောင်းမင်းတရားကြီးသည် ထီးတော်တင်လှူရာတွင် မွန်မင်းတို့တင်လှူသော ထီးတော်ကိုမချဘဲ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေးရှုလျက် မွန်ထီးတော်အပေါ်မှနေ၍ မြန်မာထီးတော်ကို ဘုံကိုးဆင့် ဆင့်လျက် တင်လှူခဲ့ခြင်းဖြစ်သည်။
(က) ပထမပွဲတော် - ဗုဒ္ဓမြတ်စွာ ဖိုးဦးတောင်သို့ ကြွလာစဉ်က ဖိုးဦးတောင်၌ နဂါးမင်း၊ ဘီးလူးမင်း တို့ ဦးဆောင်သော လူမနှောသော ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို မဟာသက္ကရာဇ် ၁၀၃-ခု၊ ဘီစီ ၅၈၉၊ ပြာသိုလပြည့်နေ့၌ ကျင်းပခဲ့ကြသည်။ တပေါင်းလဆန်း ၁၃, ၁၄, ၁၅-ရက်နေ့တို့၌ ရွှေဆံတော် စေတီတော်တည်ပြီး အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်တို့နှင့် လူနတ်ဗြဟ္မာတို့ ဗုဒ္ဓပူဇနိယ ပွဲတော် ကျင်းပကြပြန်ပါသည်။ ဒွတ္တပေါင် မင်းကြီး လက်ထက် တန်ဆောင်မုန်းလဆန်း ၈-ရက် နေ့မှ တန်ဆောင်မုန်းလပြည့်ကျော် ၁-ရက် နေ့အထိ ဘုရားစေတီကို ထပ်မံတိုးချဲ့ တည်တော် မူရင်း ပွဲတော်ကိုပါ ကျင်းပခဲ့သည်။ ဤကား ပထမပွဲတော်ဖြစ်သည်။ (ခ) ဒုတိယပွဲတော် - သာသနာတော် ၂၄၄၃-ခု၊ ကောဇာ ၁၂၆၁၊ ခရစ် ၉၈၇-ခု၊ တန်ဆောင်မုန်း လဆန်း ၁၁-ရက်၊ ညနေ ၅-နာရီအချိန် သီဟိုဠ်ကျွန်း (သိရီလင်္ကာ)၊ ကန္နီမြို့ရှိ မြတ်စွာဘုရား၏ စွယ်တော် အစစ်နှင့်အတူ ကိန်းဝပ်စံပယ်တော်မူခဲ့သော စွယ်တော်ပွား ပြည်မြို့ ရွှေဆံတော်စေတီသို့ ပင့် ဆောင်ရောက်ရှိလာသည်။ ရွှေဆံတော် ဘုရားပွဲတော်နှင့် ကြုံကြိုက်နေသဖြင့် မြတ်စွယ်တော် ဖွင့်ပွဲကို တန်ဆောင်မုန်းလဆန်း ၁၁-ရက်နေ့ ညနေ ၅-နာရီအချိန်တွင် ပြုလုပ်သည်။ လဆန်း ၁၃-ရက်နေ့တွင် စေတီရင်ပြင်၌ လက်ယာရစ်လှည့်လည်အပူဇော်ခံသည်။ ၃-နှစ်တစ်ကြိမ် တစ်မြို့လုံး လှည့်လည်အပူဇော်ခံသည်။ ဤသို့လျှင် ရွှေဆံတော် စေတီပွဲတော်၊ မြတ်စွယ်တော်ပွဲ တော် ဟူ၍ ပွဲတော် ၂-ထပ် ဖြစ်ခဲ့သည်။
ရွှေဆံတော် စေတီတော်၌ ဌာပနာ ၂-ထပ်၊ ထီးတော် ၂-ထပ် ရှိသကဲ့သို့ အောင်မြေလည်း ၂-ထပ်ရှိပါသည်။
(၁) ပထမအာဒိဆုတောင်းပတ္တနာအောင်မြေ - စက်ဦးစေတီ၊ တနင်္ဂနွေထောင့်ပြတိုက်နှင့် ဗျာဒိတ် ဘုရားအကြားရှိ စေတီဖြစ်သည်။ ပထမဖြစ်လိုခြင်း၊ ဦးဦးဖျားဖျားဖြစ်လိုခြင်း တို့အတွက် ဆုတောင်းရာဌာနဖြစ်သည်။ (၂) စိန္တာမယအောင်မြေ - တနင်္ဂနွေထောင့်၊ ဂဠုန်ရုပ်ရှေ့၊ ဒွတ္တပေါင်မင်း ခေါင်းလောင်း ဘေး၌ရှိသည်။ နတ်မျက်စိကဲ့သို့ မြင်စွမ်း နိုင်သော အဘိညာဉ်ပေါက် ဆုတောင်းရာ ဌာနဖြစ်သည်။ (၃) ဝရပရိပုဏ္ဏအောင်မြေ - ဒွတ္တပေါင်မင်း တည်ထားခဲ့သော ဆုတောင်းပြည့်ညီနောင် ရုပ်ပွားတော် ၂-ဆူ၊ အရှေ့ဘက်သို့ မျက်နှာ မူသော ရုပ်ပွားတော်ကညီတော်၊ အနောက် ဘက်သို့ မျက်နှာမူသော ရုပ်ပွားတော်က နောင်တော်၊ ငယ်သူက အရှေ့၊ ကြီးသူက အနောက်၌ အဓိဋ္ဌာန်ဝင်ဆုတောင်းကြရ သည်။ (၄) သစ္စာဓိဋ္ဌာန်အောင်မြေ - ခြေရာတစ်တောင် မောင်မဲခေါင်လိုဏ်ဂူ၊ ဘယ်ညာအမှန် ခွဲ၍ အမျိုးသားညာဘက်၊ အမျိုးသမီးဘယ်ဘက်၌ အဓိဋ္ဌာန်ဝင် သစ္စာဆိုရသည်။ (၅) စတုသစ္စကရဏီယအောင်မြေ-နောင်တော်ကြီး ရုပ်ပွားတော် လိုဏ်ခံစေတီအတွင်း၊ အ ရှေ့တောင်၊ ဦးလူကလေး တန်ဆောင်းနှင့် ဦးကြံလှိုင် တန်ဆောင်းအကြား၊ ခေါင်း လောင်းသုံးလုံးတန်းမှ ကပ်၍ဝင်ရသည်။ ဓာတ် - ၄-ပါး၊ သစ္စာ ၄-ပါး၊ ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး အောင်ကိန်းဆင်ရာ ဌာနဖြစ်သည်။ (၆) မာန်ပြေရန်ပြေစခန်းအောင်မြေ-ပုံတော်ဦးစေတီ၊ ခြင်္သေ့ထီးဆောင်း၊ ရန်ပေါင်းဖြိုခွင်း၊ ခြင်္သေ့ ၄- ကောင်၌ ထီးဆောင်း၍ ဆုတောင်းပြုရသည်။ (၇) ပညာစခန်းအောင်မြေ-ပတ္တမြားမျက်ရှင်၊ ဝ လက်ယှက်၊ ဝ-လေးလုံးရုပ်ပွားတော်၊ စွယ် တော်တိုက်ရှေ့၊ သံ တံတိုင်းအတွင်း၊ ဓာတ်ယှက်၊ ဓာတ်တွဲ၊ ဓာတ်သုဉ်း ကိန်းဆင်ရာ ဌာနဖြစ်သည်။ (၈) သတိပေးရာအောင်မြေ-သိကြားစောင်းပိုက်၊ မြောက်ဘက် အာရုံခံမုခ်ဦး၏ အနောက် ဘက်၊ သံ တံတိုင်းဝင်းအတွင်း၊ သိဒ္ဓိအဓိဋ္ဌာန် ညှိနှိုင်းသတိပေးရာ၊ မလျော့ မတင်း စောင်းကြိုးညှင်းဟူသော ဆိုရိုး နှင့်အညီ သိဒ္ဓိအဓိဋ္ဌာန် ညှိနှိုင်းသတိပေးရာဌာန (တင်းလျှင်ပြတ်၊ လျော့လျှင်ပတ်၊ လွန်လျှင်ရူး၊ တန်လျှင်ထူး၊ ကျန်လျှင်မထူး၊ တန်လျှင် လက်ငင်း၊ ကျန်လျှင်အရင်း) (၉) သိဒ္ဓိရောပနစခန်းအောင်မြေ- အရဟံသိဒ္ဓိ၊ သိဒ္ဓိ အရဟံ-တစ်ဝဂူဘုရား၊ အထက်မြောက် စောင်းတန်းဦးနှင့် ဓာတ်လှေကား အထွက် ဆုံစည်းရာ၊ တောင်မြောက်တန်း နေသော ညီနောင်လိုဏ်ဂူဘုရား။
(၁) ဓာတ်ကူးဓာတ်ဆက် စခန်းအောင်မြေ၊ တဝဂူစေတီ အောက်ပစ္စယာရင်ပြင်၊ အရှေ့ စောင်းတန်း၏မြောက်၊ကျောက်စာ တိုက်၏ အနီး၌ရှိ၏။ ယခု ထိုစေတီမရှိ တော့ပါ။ ဘိုးဘိုးအောင်၏ အောင်မြင်ရာ ဌာနဖြစ်၍ ၎င်း၏ရုပ်တုရှိရာ ပထမံဘိုးဘိုးအောင် တိုက်မှာပင် ဓာတ်ယူ၍ ဝင်ကြသည်။ (၂) ဝီမံသန ဝိစာရဏစခန်းအောင်မြေ -ပိဠကတ်တိုက်နှင့် ဝိဇ္ဇာဓရကျမ်းတိုက်ဂူ၊ ရွှေဆံတော်အလယ်ပစ္စယာ၊ ဆယ်ထပ် ဘုရားကြီးရှေ့၊ အရှေ့စောင်းတန်းမြောက်၊ အပေါ်က ကြွေပြားဝိုင်းထားသော နေရာအောက်၌ရှိသည်။ ပညာ စာပေ ရွေးချယ်စိစစ်ရာ၊ လုပ်ငန်း ရွေးချယ်စိစစ်ဌာန၊ (၃) ဝင်စေထွက်စေ ဆုတောင်းပတ္ထနာစခန်း အောင်မြေ-ဝလေးလုံးစေတီ၊ ရွှေဆံတော်ရင်ပြင် အင်္ဂါထောင့်၊ တောင်စောင်းတန်းဦး အရှေ့ဘက်ဒေါ်စောရင် တန်ဆောင်းခေါင်းရင်း စေတီကလေး၏ အောက်တွင်ရှိ သည်။ (ထ မှာဆင်ထူး ဝကိုပူး၍) (၄) နာဂပထဝီစခန်းအောင်မြေ-နဂါးရုံဘုရား၊ နဂါးပတ်စေတီ၊ တောင်စောင်းတန်း အောက် ခြေအရှေ့ဘက်၊ အလွန်ကြမ်း၍ အဖော်တစ်ဦးလိုက်ပြီး သမ္ဗုဒ္ဓေ၊ ၂၄-ပစ္စည်းစသည် တို့ဖြင့် စည်းချပေးရသည်ဟု အဆိုရှိသည်။ နဂါးသိုက်ဖြစ်၍ နွားနို့ဆက်သရသည်။ (၅) မူလပကတိစခန်းအောင်မြေ-ဇေယျ ပထဝီသိမ်တော်၊ ဆယ်ထပ်ကြီးဘုရား အနောက် တောင်၊ စနေထောင့် (မြွေ ကြောင် ကျားကို၊ ဖား ကြွက် သမင်၊ အောင်မြင်နိုင်ရာ၊ မော်ကွန်းသာသား) (၆) ရတနာရာသိကရစခန်းအောင်မြေ-ရတနာပုံ ထီးဘုရား၊ တောင်ဘက်စောင်းတန်း အောက်ခြေ၊ အနောက်ဘက် နဂါးရုံဘုရား နှင့် မျက်နှာချင်းဆိုင်၊ ရတနာပစ္စည်း စုဆောင်းရာ အထွတ် အမြတ်ရတနာထားရာ၊ (၇) ဂါထာမန္တန်စခန်းအောင်မြေ-ဘိုးဘိုးအောင် ခွေးကျွေးကုန်း၊ ကကြီး ခကွေး ကျောင်း နေရာမြေ၊ ဂါထာ မန္တန်များ၊ အင်း ပညာများ၊ ရွတ်ပွားသရဇ္ဈာယ် အဓိဋ္ဌာန်ဝင်ရာဌာန။ (၈) ဝါဟဘူမိစခန်းအောင်မြေ-ပျူပန်းတင် စေတီ၊ ရွှေဆံတော် အလယ်ပစ္စယာ အနောက် မြောက်၊ ပထမံဗောဓိ အသင်းတိုက်ရှေ့၊ တင်မြှောက်ခြင်း၊ ရာထူးဆက်ခံခြင်း၊ တင် မြှောက်ဆက်ခံ အောင်ပွဲလျှံ ပတ္ထနာ ပြုရာဌာန။ (၉) ဉာဏသမ္ဘာရစခန်းအောင်မြေ - အထက်မဟာဗောဓိပင်ခြေရင်း၊ ဂြိုဟ်ရှစ်ခွင်ဘုရား၊ ရှင်သီဝလိ, ရှင်ဥပဂုတ္တ ကမ္ဘာလုံးဓာတ်တိုင်၊ နှစ်သက်ရာပြုလုပ်ကြသည်။ ဤ၌ (၁) (၂) (၃) စသော သတ်မှတ်ချက်သည် အမည်ကွဲပြားသွားအောင် သတ်မှတ်ပေးချက်သာ ဖြစ်သည်။ လက်တွေ့ အားထုတ်သူတို့၏ ပြောကြားချက်ကား- - ဥသာ-စိန်ပန်း-ဒန်းလှကိုရှာ ဟူသော မိတ်ဖက် ဓာတ်အားဖြင့်လည်းကောင်း၊ - အောင်ပ - ကုလား - ဆွေသား - တော်ရင်း ဟူသော မိတ်ဖက်ဓာတ်အားဖြင့် လည်းကောင်း၊ - အန္တော-ဂဗ္ဘေ-စရေ-ဝံသေ ဟူသော ဓာတ်ဖက် အားဖြင့်လည်းကောင်း- ဓာတ်တည့်အောင် စိစစ်ဝေဖန်ပြီးမှ (သို့မဟုတ်) မိမိနှင့် ဆက်စပ်ညွှန်ကြားလာသော ထုံးနည်းအရ အဓိဋ္ဌာန်ဝင်ကြရသည်။ ထို့ကြောင့် “သုသုဇာဂ၊ နာမထင်ရှား၊ သိကြားခတ်နှိပ်၊ တံဆိပ်ထင်ပေါ်၊ ပြည်ဆံတော်ကား၊ ဌာပနာနှစ်ထပ်၊ ထီးနှစ်ထပ်ပြင်၊ နှစ်ထပ်ပွဲတော်၊ တူစုံပျော်သား၊ ထုတ်ဖော်ကျန၊ ဂမ္ဘီရဓာတ်၊ နှစ်ထပ်အောင်မြေ၊ နင်းလျှောက်ဖွေလျက်၊ လိုလေသမျှ၊ ဌာရသတတ်၊ ဓာတ်စမဖြင့်၊ နှစ်ဝတူယှဉ်၊ ဓိဋ္ဌာန်ဝင်တက်လှမ်း၊ စခန်းထွေထွေ၊ ကျင့်စဉ်တွေနှင့်၊ ဆုခြွေပန်သ၊ တောင်းကုန်ကြလော့” ရှေးဆရာများက မှာတမ်းစကား မိန့်ကြားခဲ့လေသတည်း။