<<ရှေ့သို့  

ဆုတောင်းပြည့်စေတီတော်(ကိုးနဝင်းအောင်မြေ)







ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက်ရင်ပြင်ရှိ ရွှေသားလျောင်းရုပ်ပွားတော်မြတ်ကြီး ကိန်းဝပ်ရာ တန်ဆောင်းနှင့် အောင်မြေတန်ဆောင်းငယ်၏ ရှေ့ရင်ပြင်တွင် အောင်မြေသွင်းကာ ကိုးနဝင်းအောင်မြေဖော်ထုတ် ထားသော ‘အောင်မြေ’ ကို တွေ့ရမည်ဖြစ်ပါသည်။ ယင်းအောင်မြေမှ အရှေ့ဘက်မျက်နှာမူ၍ ဖူးမြော်ပါက အချိုးစားကျနလှသည့် သက်တော်ထင်ရှား ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ဖူးတွေ့ရသကဲ့သို့ ဆယ်ထပ်ကြီးရုပ်ပွားတော်ကို ကြည်ညိုဖွယ်ရာ ဖူးမြော်ရပါသည်။ ထိုမှသည် အနောက်ဘက်သို့ မျက်နှာမူ၍ဖူးပါက ရွှေဆံတော်စေတီတော်မြတ်ကြီးကို တင့်တယ်သပ္ပယ် စွာဖြင့် သာသနာ့အရောင် ထွန်းလင်းတောက်ပနေသည့် ရွှေတောင်ကြီးပမာ ကြည်ညိုဖွယ်ရာ ဖူးမြင်ရပါမည်။ ယင်းအောင်မြေ ဌာန၌ လောကုတ္တရာအကျိုးစီးပွားအတွက်သော်လည်းကောင်း၊ လောကီအကျိုးစီးပွား အတွက်သော်လည်းကောင်း တရားအားထုတ်ခြင်း၊ အဓိဋ္ဌာန်ဝင်ပုတီးစိပ်ခြင်းများကို ပုဂ္ဂိုလ်အခြေအနေအလိုက် မိမိတို့ ယုံကြည်ချက် ရည်မှန်းချက်များ ပြည့်ဝအောင်မြင်ရေးအတွက် အဓိဋ္ဌာန်ဝင် ကြိုးပမ်းဆောင်ရွက်ကြပေသည်။ သို့သော် ဤအောင်မြေဋ္ဌာန၌ အဓိဋ္ဌာန်ဝင်၍ အစဉ်အတိုင်း လှည့်လည်ကာ တရားထိုင်ခြင်း၊ အဓိဋ္ဌာန် ပုတီးစိပ်ခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အချိန်မပေးနိုင်သည့် ရပ်ဝေး၊ ရပ်နီးဘုရားဖူးပုဂ္ဂိုလ်များအနေဖြင့် တစ်နေရာတည်းတွင်ပင် မိမိတို့ရည်မှန်းချက်ကောင်းကျိုးလိုအင်ဆန္ဒမျာ၊ ပြည့်ဝအောင်မြင်နိုင်စေရန် ရွှေဆံတော် ဂေါပကအဖွဲ့မှ ပုဂ္ဂိုလ်မြတ်များ၏ အဆိုအမိန့်အရ-
‘ကိုးကွက်နဝင်း၊ ဓိဌာန်သွင်း၍
ခပင်းဥဿုံ၊ အလုံးစုံကို၊
သိုင်းခြုံပြုစွာ၊ ဓာတ်ဆက်ကာဖြင့်၊
ဂယာအောင်မြေ၊ တည်ထားပေသည်၊
များထွေကောင်းကျိုး ပြည့်စေဖို့ .... ဟူသော စေတနာအမှန် စိတ်ရည်သန်လျက် ဂေါပကအဖွဲ့ဝင်များက စီမံဆောင်ရွက်ထားသည့် ယင်းထူးခြားသော ဤကိုးနဝင်း ‘အောင်မြေ’ ကို ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များ၏ အဆိုအမိန့် နှင့်အညီ ဖော်ထုတ်ထားပါသည်။ ဤကိုးနဝင်း ‘အောင်မြေ’ ကွက်အလယ်တွင်ရှိသည့် နီညိုရောင်ကြွေကျောက်ပြား(၉)ချပ်ပေါ်တွင် ခြေစုံ မတ်မတ်ရပ်၍သော်လည်းကောင်း၊ ထိုင်လျက်သော်လည်းကောင်း အမျိုးသား၊ အမျိုးသမီးမရွေး မည်သည့်ပုဂ္ဂိုလ်မဆို မိမိနှစ်သက်သလို နေရာယူပြီး ရွှေဆံတော်စေတီတော်မြတ်ကြီးဘက်သို့မျက်နှာမူအာရုံပြုလျက် မိမိနှုတ်မှ သရဏဂုံသုံးပါကို ယုံယုံကြည်ကြည် ရွတ်ဆိုကန်တော့ပြီးလျှင် မိမိအလိုလားဆုံးနှစ်သက်ရာဆု(၁)တစ်မျိုးကို ယုံကြည်မှုအပြည့်အဝဖြင့် အာရုံပြုတောင်းခံပြီးပါက ရွှေဆံတော်စေတီတော်မြတ်ကြီကို လက်ယာရစ်(၃)ပတ်လှည့်လည်ဖူးမြော်ပါ။ ထို့နောက် မိမိတို့၏ မွေးနေ့မွေးနံထောင့်ဂြိုလ်စင်၌ မိမိစိတ်တိုင်းကျ ပန်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးနံ့သာတို့ကို လှူဒါန်းကာ ငါးပါးသီလဆောက်တည်ကန်တော့ခြင်း၊ မေတ္တာပို့သအမျှပေးဝေခြင်းတို့ကို အချိန်တိုတောင်းစွာအတွင်း အချိန်မပေးနိုင်သူများအနေဖြင့် ဆောင်ရွက်နိုင်ပါသည်။ သို့မှသာ မိမိတောင်းဆုကောင်းကျိုးလိုအင်ဆန္ဒများ ပိုမိုလျင်မြန်စွာ ပြည့်စုံပြီးမြောက်အောင်မြင်မှုများ ရမည်မှာ ဧကန်မလွဲ အမှန်ပင်ဖြစ်ပါသည်။

ဆုတောင်းပြည့်စေတီတော်

သရေခေတ္တရာပြည့်ရှင်ဒွတ္တပေါင်မင်းကြီးသည် သာသနာတော်နှစ် ၁၂၆ခုနှစ်တွင် ‘မြသိတင်(ခေါ်) ရွှေဆံတော်’ စေတီတော်မြတ်ကြီးကို ဒုတိယဒါယကာအဖြစ် ပြန်လည်တည်ထားစဉ်ကပင် သရေခေတ္တရာလက်ရာ သပ်စီအုတ်ခုံးမုခ်လေးပေါက်ပါ လိုဏ်ခံဆုတောင်းပြည့်စေတီကိုပါ တည်ထားခဲ့သည်။ လိုဏ်ဂူပေါ်တွင် အနုပညာလက်ရာများဖြင့် စေတီရံ(၄)ဆူပါရှိပြီး လိုဏ်ဂူအတွင်း၌ ဆုတောင်းပြည့်နောင်တော်၊ ညီတော်ရုပ်ပွားတော်(၂)ဆူမှာ ကျောချင်းကပ် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည်။ မြသိတင်(ခေါ်)ရွှေဆံတော်စေတီတော်ဘက်သို့ မျက်နှာမူထားသည့် အနောက်ဘက်မုခ်အတွင်း ကိန်းဝပ် စံပယ်တော်မူနေသည့် ရုပ်ပွားတော်မှာ ‘နောင်တော်ဆုတောင်းပြည့်’ ရုပ်ပွားတော်ဖြစ်ပါသည်။ ဆယ်ထပ်ကြီးဘုရားဘက်နှင့် အောင်မြေဘက်သို့ မျက်နှာမူထားသည့် အရှေ့ဘက်မုခ်အတွင်း ကိန်းဝပ် စံပယ်တော်မူနေသည့် ရုပ်ပွားတော်မှာ ‘ညီတော်ဆုတောင်းပြည့်’ ရုပ်ပွားတော်ဖြစ်ပါသည်။ ဤဆုတောင်းပြည့်စေတီတော်လိုဏ်ဂူအတွင်း ကိန်းဝပ်စံပယ်တော်မူနေသည့် ‘ညီနောင်နှစ်ဖော်’ ရုပ်ပွားတော်(၂)ဆူရှေ့မှောက်တွင် မြသိတင်(ခေါ်)ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဘုရာဒါယကာ၊ သရေခေတ္တရာ ပြည့်ရှင် ဒွတ္တပေါင်မင်းကြီမှ အစပြု၍ ခေတ်အဆက်ဆက် မင်းနှင့်ပြည်သူများ ဆုတောင်းဆုယူပြုခဲ့ကြသလို- အလောင်းမင်းတရားကြီးသည် တတိယမြန်မာနိုင်ငံတော်ကြီး ထူထောင်တည်ဆောက်နိုင်ရေးအတွက် မင်းတရားကြီးကိုယ်တော်တိုင် ဤဆုတောင်းပြည့်စေတီ လိုဏ်နန်းထဲတွင် ကိန်းဝပ်စံပယ်တော်မူနေသည့် ညီနောင် နှစ်ဖော် ဆုတောင်းပြည့်ရုပ်ပွားတော်(၂)ဆူ ရှေ့တော်မှောက်ဝယ် တောင်းဆုပန်ခဲ့သည်များလည်း လုံးဝဥဿုံဆုတောင်း ပြည့်ဝခဲ့ပြီး တတိယမြန်မာနိုင်ငံတော်ကြီးကို ထူထောင်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။ ရတုဘုရင်စာဆိုရှင် ပြည်နဝဒေးကြီးက ဤဆုတောင်းပြည့်ညီနောင်နှစ်ဖော်ကို ရည်၍ ဘုရားတိုင်ရတုဖြင့် မှတ်တမ်းတင်ခဲ့သည်မှာ- ‘မိုးနှင့်သာလျှင်၊ ထွန်းဝါပြိုးပြက်၊ ရောင်ချင်းယှက်မျှ၊ တောင်ထက်တောင်မြတ်၊ တောင်ကျော်တွတ်နှိုက်၊ လူနတ်များရှင်၊ မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တပေါင်ဟု၊ ပြည်ထောင်များနတ်၊ တည်မှတ်ခဲ့သည်၊ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊ ရွှေထီးရွှေတိုင်၊ ရွှေစိုင်ရွှေခဲ၊ လိုဏ်နန်းထဲက ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့် ညီနောင်နှစ်ဖော် ၊ ကျွန်းလုံးကျော်သည် မည်တော်ဆုတောင်းပြည့်တကား .....’ ဟူ၍ နဝဒေးကြီးက သူကိုယ်တိုင် ခံစားဖူး တွေ့တောင်းဆုပြည့်ခဲ့ သည်များကို ဘုရားတိုင်ရတုဖြင့် ဤသို့မှတ်တမ်းတင်ထားရှိခဲ့ပေသည်။ ဤသည်ကိုရွှေဆံတော်ဂေါပကအဖွဲ့က နဝဒေးကြီး ဘုရားတိုင်ရတုကို ကျောက်ထက်တွင် အက္ခရာတင်၍ ဆုတောင်းပြည့်လိုဏ်ဂူအနောက်ဘက်မုခ်လက်ဝဲခြမ်းတွင် စိုက်ထူထားသည်ကိုလည်း ကြည်နူးဖွယ်ရာ တွေ့မြင်ဖတ်ရှုနိုင်ပေသည်။ ဆုတောင်းပြည့်စေတီတော်လိုဏ်အတွင်း ကိန်းဝပ်စံပယ်တော်မူနေသည့် နောင်တော်+ညီတော်ရုပ်ပွားတော်(၂)ဆူကို ရွှေဆိုင်းသင်္ကန်းကပ်လှူခြင်း၊ လိုဏ်နန်းအတွင်းမှန်စီခြင်း၊ ကြွေကျောက်ပြားများနံရံတွင်ကပ်ခြင်းနှင့် ရင်ပြင်တွင် ကြွေကျောက်ပြားများခင်းခြင်းနှင့် တရားအားထုတ်သူများအဓိဋ္ဌာန်ပုတီးစိပ်သူများ စိတ်ချမ်းမြေ့စွာ ကုသိုလ်ပွားနိုင်ရေးအတွက် လိုဏ်နန်းအတွင်း သစ်သားကြမ်းအပြည့်ခင်းခြင်းနှင့် စေတီတော်နှင့် စေတီရံ(၄)ဆူတို့ကို လုံးတော်ပြည့် ရွှေ(ဆေး)သင်္ကန်းများကပ်လှူခြင်း အလှူရှင်မှာ ဘူးစိမ်းကြီးလက်ဖက်ခြောက်ကုန်သည်ကြီး ဦးဘဦး (ရွှေဆံတော် ဂေါပကဥက္ကဋ္ဌ) ဇနီး ဒေါ်ခင်ရီ နှင့် မိသားတစ်စုက လှူဒါန်းပူဇော်ထားကြသည်။ ဤသို့ လှူဒါန်းစီမံဆောင်ရွက်ပေးမှုကြောင့် နေ့စဉ် ညစဉ် တရားအားထုတ်သူများ၊ အဓိဋ္ဌာန်ပုတီးစိပ်သူများ သည် စိတ်ကြည်လင်ချမ်းမြေ့စွာ အားထုတ်နိုင်ကြပေသည်။ ဆုတောင်းပြည့်ညီနောင်နှစ်ဖော်လိုဏ်နန်းဘုရားလိုဏ်ဂူအတွင်း၌ ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်စုံတစ်ဦးအမြဲမပြတ် ရှိနေတတ်၏။ ညီနောင်နှစ်ဖော် ဆုတောင်းပြည့်လိုဏ်နန်းဝယ် မိမိအာရုံကျရာ လိုဏ်မုခ်အတွင်း၌ ဘုရားကန်တော့ပြီး ပုတီးစိပ်ခြင်း၊ ကမ္မဋ္ဌာန်းထိုင်ခြင်းများပြု၍ မေတ္တာပွားပြီး ဆုမွန်တောင်းရသည်။ သာသနာရေး၊ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်များအတွက် လတ်တလောကြုံတွေ့ရသော အခက်အခဲများကို အောင်မြင်စေရန် မိမိလိုရာ(ဆု)တစ်မျိုးတည်းကို တောင်းရသည်။ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးသို့ နိုင်ငံအကြီးအကဲများ၊ အဖူးအမြော်ရောက်ရှိကြတိုင်း ဆုတောင်းပြည့်စေတီလိုဏ်နန်းထဲရှိ ညီနောင်နှစ်ဖော် ဆုတောင်းပြည့်ရုပ်ပွားတော်ထံမှောက်သို့ ဝင်ရောက်ဖူးမြော် တောင်းဆုအဓိဌာန်ပြုမြဲ ဖြစ်ပါသည်။