<<ရှေ့သို့  

ခြေရာတစ်ထောင် မောင်မဲခေါင် အဓိဋ္ဌာန်ဂူ







သာသနာတော်နှစ်(၁၈၃၄)၊ ပုဂံသက္ကရာဇ်(၆၅၈)၊ ခရစ်နှစ်(၁၂၉၆)ခု၊ တန်ဆောင်မုန်းလဆန်း(၁၀)ရက်၊ ရွှေဆံတော်ဘုရားပွဲတော်ကျင်းပနေစဉ် ပြည်ဘုရင်ကျစွာမင်း၏ ဖိတ်ကြားချက်အရ သာယာဝတီ ဘုရင် သတိုး နော်ရထာ (သုံးမြို့ရှင်)သည် ဆင်တော်လော်ရှိန်းစီးပြီး လူစွမ်းကောင်းကိုယ်ရံတော် ဗိုလ်မှူး (ဟတ္ထိဇေယျဗလဘွဲ့ခံ) မောင်မဲခေါင်နှင့် အတူ ပြည်ရွှေဆံတော်ဘုရားဖူး ကြွလာကြသည်။ ရှေ့မင်းများတက်ရောက်ရာ အရှေ့ဘက်စောင်းတန်းမှတက်၍ ရင်ပြင်တော်ပေါ်ရှိ အရှေ့ဘက်အာရုံခံ တန်ဆောင်းမှ ရွှေဆံတော်စေတီတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုသည်။ ဗိုလ်မှူးမောင်မဲခေါင်သည် ဘုရား ကြည်ညို ပြီးလျှင်မိမိသည် သာသနာပြုပုဂ္ဂိုလ်ကျော်မှန်ပါက-မိမိရည်မှန်းချက်အောင်မြင်ပါက မိမိ၏ခြေရာ ဤနေရာ၌ပင် ထင်စေသားဟု အဓိဋ္ဌာန်ပြု၏။ တစ်တောင်ခန့်ရှိသော ခြေရာနှစ်ခုသည် ကျောက်သားပေါ်တွင် ထင် ကျန်ရစ်သည်။ ယခုအခါ ထိုကျောက်သားပေါ်တွင် ထင်ကျန်ရစ်သည့် ခြေရာနှစ်ခုနေရာကို ဖုံးအုပ်၍ ယင်းအပေါ်မှ ကျောက်အင်္ဂတေတို့ဖြင့် ခြေရာတုနှစ်ခုပြုလုပ်ထားပြီး ယင်းခြေရာပေါ်မှ လိုဏ်ဂူတည်ဆောက်ကာ ၄င်းလိုဏ်ဂူပေါ်တွင် ပုဂံရွှေစည်းခုံပုံစေတီတစ်ဆူကို ခရစ်နှစ် ၁၉၅၀ ခုနှစ်က ရွှေ-ဦးလူကလေး+ဒေါ်သိန်းချစ် နှင့် မိသားစုတို့က တည်ထား သည်။ ခြေရာတစ်ထောင် မောင်မဲခေါင် အဓိဋ္ဌာန်ဂူသည် အနောက်ဘက် သို့မုခ်ဦးလှည့်ထားသည့် တစ်ဝဂူ ဖြစ်သည်။သာသနာနုဂ္ဂဟအသင်းတည်ရှိရာ ရွှေ-ဦးလူကလေး ဓမ္မာရုံအတွင်းမှတစ်ဆင့် ထိုဂူထဲ သို့ဝင်နိုင်သည်။ လိုဏ်ဂူအတွင်း၌ ဗုဒ္ဓရုပ်ပွားတော်(၃)ဆူပူဇော်ခံထားသည်။ ရုပ်ပွားတော်များ၏ ရှေ့၌ ဧရာမ ခြေရာပုံ ကျောက်အင်္ဂတေတို့ဖြင့် ဘယ်ညာ ထုလုပ်ထားသည်ကို တွေ့ရမည်ဖြစ်သည်။ ဂူအတွင်း ဗုဒ္ဓရုပ်ပွားတော်များတွင် မွေးနံအလိုက် ပန်း၊ သစ်သီး စသည်ကပ်လှူပူဇော်ပြီး ခြေရာစုံတစ်ခု အပေါ်တွင်ထိုင်လျက် အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဆုတောင်းခြင်းများ ပြုလုပ်ကြသည်။ အမှုအခင်း၊ အယှဉ်အပြိုင်နှင့် ဘေးအန္တရာယ်များ ကင်းဝေးပပျောက်စေရန်အတွက် ဆုတောင်းပြည့်ကြောင်း သိရပါသည်။