<<ရှေ့သို့  

ရွှေ-ဦးလူကလေး မှန်တန်ဆောင်းတော်ကြီး (ယခု တောင်ပေါ်ဂေါပကရုံးခန်းနှင့်ဧည့်ဆောင်)







ရွှေဆံတော်ရင်ပြင် မြောက်ဘက်စောင်းတန်းမုခ်ဦးမှ တနင်္ဂနွေဂြိုဟ်စင်အကြားတွင် ပြည်မြို့နေ ရွှေ-ဦးလူကလေး+ဒေါ်သိန်းချစ် မိသားစုတို့က သက္ကရာဇ် ၁၃၁ဝ ပြည့်နှစ်၌ ဆောက်လုပ်လှူဒါန်းသော ဘုံ(၉)ဆင့်ပါ မုခ်ဦးပြာသာဒ်တော်နှင့် တန်ဆောင်းကြီးမှာ ပြောင်မြောက်သော မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာများနှင့် တည်ဆောက် လှူဒါန်းထားရာ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ဒုတိယကမ္ဘာစစ်အပြီး မြန်မာ့အနုပညာ လက်ရာများဖြင့် ခြယ်လှယ် မွမ်းမံ အသစ် တည်ဆောက်နိုင်ခဲ့သော‘မှန်တန်ဆောင်း’ကြီးဖြစ်ပါသည်။ ယင်းတန်ဆောင်းကြီးအတွင်း၌ ကြည့်မှန်(၂)ချပ် တပ်ဆင် ထားသဖြင့် ‘မှန်တန်ဆောင်း’ဟု အမည်တွင်နေခဲ့ပါသည်။ မှန်တန်ဆောင်းကြီးအတွင်း၌ မန္တလေးမြို့တော်မှ ပန်းချီဦးကျော်၊ ပန်းချီဆရာကြီး ဦးစောမောင်ရေးဆွဲထားသော-
- ဓမ္မစက္ကပဝတ္တနသုတ်တော်ဟောတော်မူခန်း၊
- တာဝတိံသာနတ်ပြည်မှ သင်္ကဿနဂိုရ်ပြည်သို့ ကြွတော်မူခန်း။
ယင်းပန်းချီကား(၂)ချပ်ကို မှန်တန်ဆောင်းအတွင်း အရှေ့ဘက်နံရံအပေါ်ပိုင်းတွင် ချိတ်ဆွဲပြသထားသည်။ ထို့နောက် ဝိဓူရဇာတ်တော်ပန်းချီကားကြီး(၈)ချပ်ကိုလည်း ရေးဆွဲပြီး တောင်ဘက်နံရံအပေါ်တွင် (၃)ချပ်၊ မြောက်ဘက် နံရံပေါ်တွင် (၃)ချပ်နှင့် အနောက်ဘက်နံရံပေါ်တွင် (၂)ချပ်တို့ကို ချိတ်ဆွဲပြသထားပါသည်။ မှန်တန်ဆောင်းကြီး၏ ရှေ့မျက်နှာစာပေါ်တွင်လည်း ဒုဋ္ဌဂါမဏိမင်းကြီး၏ သာသနာ့ရန်စွယ်တို့ကို ဖြိုခွင်း သုတ်သင်ပြီး သာသနာပြုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပုံ၊ ဗုဒ္ဓသာသနာ့သမိုင်းမှတ်တမ်းအဖြစ် ရုပ်လုံးကြွ ပန်းချီကား (၅)ချပ်ဖြင့် သရုပ်ဖော်ထားသည်တို့ကို ဘုရားဖူးပြည်သူများအဖို့အားရနှစ်သက်ကြည့်ရှုလေ့လာစရာ၊ ဗဟုသုတဖြစ်ဖွယ်ရာပြကွက်များဖြစ်သလို ခေတ်သစ်ပန်းချီပညာရှင်များအတွက်ပါ ပညာယူစရာ ပြကွင်း ပြကွက် များဖြင့်တန်ဆာဆင်ထားသည့် မှန်တန်ဆောင်းကြီးတစ်ဆောင်ဖြစ်ပါသည်။ယင်းတန်ဆောင်းကြီး အတွင်း၌ နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း ချိန်တိုင်း၌ အသံမစဲပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို နေ့(၇)နေ့၊ (၇)ညတိုင်တိုင် အသံမစဲ ပူဇော်ရာဌာနအဖြစ် ၁၃၅၈ ခုနှစ်အထိ အသုံးပြုခဲ့ပါသည်။ (နောင်တွင် ၁၃၅၉ ခု ပဌာန်းပွဲမှစ၍ ကျားပျံဓမ္မာရုံ သစ်ကြီး၌ ပြောင်းရွှေ့ ပူဇော်ကျင်းပကြသည်။) ရွှေ-ဦးလူကလေး မှန်တန်ဆောင်းကြီး၏ အနောက်ဘက်ကပ်လျှက် ဆောက်လုပ်ထားသည့် ဂန္ဓကုဋိတိုက် အဆောင်မှာ ခရစ်နှစ် ၁၉၅၃ ခုနှစ်က ဇီးကုန်းမြို့နေ ဆန်စက်ပိုင်ရှင် ဦးလှအောင်+ဒေါ်ရင် နှင့် သမီး မနီ၊ သား မောင်ဗိုလ် တို့က တိုးချဲ့ဆောက်လုပ်လှူဒါန်းထားပါသည်။ အဆောက်အအုံအတွင်း၌ ရုပ်ပွားတော်(၃)ဆူ ကိန်းဝပ် စံပယ်တော်မူလျက်ရှိပါသည်။ ယင်းရုပ်ပွားတော်များတည်ရှိပုံနှင့် အလှူရှင်တို့မှာ- မြောက်ဘက်နံရံတွင်ကပ်လျက် တောင်ဘက်သို့ မျက်နာတော်မူထားသည့် ရုပ်ပွားတော်(၂)ဆူအနက် အနောက်ဘက်ရုပ်ပွားတော်ကို သက္ကရာဇ် ၁၂၇၅ ခု၊ ရွှေ-ကိုပြုံး+မသိန်း ကောင်းမှုဖြစ်ပြီး အရှေ့ဘက်ရုပ်ပွားတော်ကို သက္ကရာဇ် ၁၂၇၅ ခု၊ ရွှေ-ဦးလူကလေး+ဒေါ်သိန်းချစ် ကောင်းမှု ဖြစ်ပါသည်။ အရှေ့ဘက်နံရံကပ်လျက် အနောက်ဘက်သို့ မျက်နှာမူထားသည့် ရုပ်ပွားတော်(၁)ဆူမှာ သက္ကရာဇ် ၁၃၁၂ ခု ကျီးသဲမြို့နေ ဦးဘိုမောင်+ဒေါ်စောတင် နှင့် နှမ ဒေါ်ငွေတင် တို့ ကောင်းမှုဖြစ်ပါသည်။ ရွှေ-ဦးလူကလေး မှန်တန်ဆောင်းကြီး ၏ မြောက်ဘက်ကပ်လျက် သစ်သားတိုးချဲ့ဆောင်ကို ခရစ်နှစ် ၁၉၆၃ ခုနှစ်တွင် ဇီးကုန်းမြို့နေ ဆန်စက်ပိုင်ရှင် ဦးလှအောင် တို့မိသားစုကပင် တိုးချဲ့ဆောက်လုပ်လှူဒါန်းထားပါသည်။ ယခုအခါတွင် ရွှေ-ဦးလူကလေး မှန်တန်ဆောင်းနှင့်တကွ သစ်သားတိုးချဲ့ဆောင်တို့ကို ရွှေဆံတော်‌ဂေါပကတောင်တော်ပေါ်ရုံးနှင့် ရွှေဆံတော်တောင်တော်ပေါ် တောင်တော်ကြီးကြပ်ရေးမှူးရုံးခန်းတို့ကို အနီးကပ်ကြီးကြပ် စောင့်ရှောက်နိုင်ရေးအတွက် သက္ကရာဇ် ၁၃၅၉ ခုနှစ်မှ စ၍ဖွင့်လှစ်ထားပါသည်။