<<ရှေ့သို့  

အောင်ခြင်းရှစ်ပါး ဓမ္မာရုံတန်ဆောင်း







ခရစ်နှစ် ၁၉၅၂ ခုနှစ်တွင် ပြည်မြို့ ဘူးစိမ်းကြီးလက်ဖက်ခြောက် ဦးဘဦး+ဒေါ်ခင်ရီ မိသားတစ်စုတို့က ရွှေဆံတော်ရင်ပြင်တော် ရာဟုထောင့်အနီးတွင် ဓမ္မာရုံတန်ဆောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းထားပါသည်။ ရွှေဆံတော်ရင်ပြင်တော်ရာဟုထောင့် မြေသားမခိုင်မာမှုကို ပြုပြင်ရာ၌ လေးလံသော အဆောက် အအုံများ ကို ဖျက်သိမ်းခဲ့ရာတွင် အောင်ခြင်းရှစ်ပါးဓမ္မာရုံတန်ဆောင်းကို ၁၉၈၉ ခုနှစ်က ဖျက်သိမ်း ခဲ့ရပါသည်။ ရာဟုထောင့်မြေသားများ ခိုင်မာအောင် ပြန်လည်ပြုပြင်ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ပြည်ဆောက်လုပ်ရေး ဒေသ အဖွဲ့ ကျွမ်းကျင်အင်ဂျင်နီယာများ၏ခွင့်ပြုချက်အရမူလအလှူရှင်များဖြစ်ကြသည့်ဘူးစိမ်းကြီး လက်ဖက် ခြောက်ဦးဘဦး+ဒေါ်ခင်ရီမိသားတစ်စုကပင်(အပေါ့စား)အောင်ခြင်းရှစ်ပါးဓမ္မာရုံ တန်ဆောင်း ကို ပြန်လည် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ အောင်ခြင်းရှစ်ပါးဓမ္မာရုံတန်ဆောင်း၏ တောင်ဘက်ခေါင်းရင်းခန်းတွင် (၄)ပေခန့်ပလ္လင်နှင့် ရွှေတံကဲ ခန်းလုံးပြည့် မှန်လုံဘုရားဆောင်၌ (၃)ပေကျော်ခန့်ရှိ ဆင်းတုတော်တစ်ဆူ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ဓမ္မာရုံ အတွင်းနံရံအားလုံးကိုလည်း မှန်စီကပ်ထားပါသည်။ အတွင်းပိုင်းအပေါ် နဖူးစည်းနေရာတွင် အောင်ခြင်း ရှစ်ပါး ရုပ်လုံးကြွ ပန်းချီကားကြီး (၈)ချပ်ဖြင့် တန်ဆာဆင်ထားသည်ကိုလည်း ယနေ့ တွေ့မြင်နိုင်ပါသည်။ (ယင်းကဲ့သို့ အောင်ခြင်းရှစ်ပါး ပန်းချီကားကြီး (၈)ချပ်ရေးဆွဲလှူဒါန်းထားသည့် ဓမ္မာရုံ တန်ဆောင်း ဖြစ်သဖြင့် ‘အောင်ခြင်းရှစ်ပါးဓမ္မာရုံတန်ဆောင်း’ ဟု အသိအမှတ်ပြုပြောဆိုကြပါသည်။)