<<ရှေ့သို့  

နဂါးမင်း ဘီလူးမင်း စေတီတော်







နဂါးမင် ဘီလူးမင်း စေတီတော်သည် ပုံတော်ဦးစေတီတော်၏ တောင်ဘက်တွင် ကပ်လျက်တည်ရှိသည်။ စေတီတော်သည် ပစ္စယာ(၃)ဆင့်ပေါ်၌ (၈)မြှောင့်ပစ္စယာခံ၍ အပေါ်မှ စေတီလုံးပေါက်ထားခြင်းဖြစ်သည်။ စေတီတော်၏ ခေါင်းလောင်းပုံအောက်ခြေ၌ အရှေ့၊ အနောက်စသည့် အရပ်လေးမျက်နှာတို့၌ သမ္ဘူလ ဘီလူးမင်း၏ပုံကို အင်္ဂတေရုပ်ကြွများဖြင့် ပုံဖော်ထားပြီး အရှေ့တောင်ထောင့်၊ အနောက်တောင်ထောင့် စသည့် အရပ်လေးမျက်နှာတို့၌ ဧရာပတ္တနဂါးမင်း၏ ပုံကိုလည်း အင်္ဂတေရုပ်ကြွများဖြင့် ပုံဖော်ထားသည်။ ယင်းအထက် ခေါင်းလောင်းပုံ၌လည်း အင်္ဂတေပန်းနွယ်ပန်းဆွဲ(၁၂)ခက်ဖြင့် မွမ်းမံထားသည်။ ပုံတော်ဦးစေတီထက် ဉာဏ်တော် မြင့်ပြီးစေတီလုံးတော်ပုံစံမှာလည်း နဂါးမင်း၊ ဘီလူးမင်း စေတီလုံးတော်က ပို၍ ကြီးမားသည်ကို ဖူးတွေ့ရပါမည်။ ယင်း နဂါးမင်း၊ ဘီလူးမင်း စေတီကိုလည်း ဒွတ္တပေါင်မင်းကြီးတည်ထားတော်မူခဲ့သည်။ တည်ထား ရခြင်းမှာ နဂါးမင်း၊ ဘီလူးမင်းတို့က ဗုဒ္ဓမြတ်စွာဘုရားထံတော်တွင် ကိုးကွယ်စရာတောင်းခံရာ၌ ဗုဒ္ဓ မြတ်စွာ ဘုရားရှင်က ဧရာပတ္တနဂါးမင်းအား ဆံတော်(၄)ဆူကိုလည်းကောင်း၊ သမ္ဘူလဘီလူးမင်းအား မွေရှင်တော် မြတ်ကို လည်းကောင်းအသီးသီးကိုးကွယ်ရန် ပေးအပ်ခဲ့ခြင်းကြောင့် ယခုမိမိကိုယ်တိုင် မျက်ဝါးထင်ထင် ဖူးမြော်ခွင့်ရရှိခြင်း၊ ကြီးမားတင့်တယ် သော စေတီတော်မြတ်ကြီးအဖြစ် တည်ခွင့်ရရှိခြင်းတို့၏ အကြောင်းရင်းမှာ ဧရာပတ္တနဂါးမင်းနှင့် သမ္ဘူလဘီလူးမင်းတို့ ကျေးဇူးတော်ကြောင့် မိမိသည် မင်းကောင်းမင်းမြတ်သာသနာ့ဒါယကာအဖြစ်ကို ခံယူ ရရှိတော်မူပေသည်။ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ သမိုင်းစဉ်ကိုလည်း နှောင်းလူတို့ သိစိမ့်သောငှာ ယင်းနဂါးမင်း၊ ဘီလူးမင်းတို့၏ ကျေးဇူးကို ဆပ်သည့်အနေဖြင့် ဤနဂါးမင်း၊ ဘီလူးမင်း စေတီကို တည်ထား ခဲ့ပေသည်။ ယခုဂေါပကအဖွဲ့မှ ထိန်းသိမ်းမွမ်းမံ ပြုပြင် လှူဒါန်းထားသည်။