သရေခေတ္တရာလက်ရာ သပ်စီအုပ်ခုံးမုခ်ပေါက်တစ်ပေါက်သာပါရှိသည့် လိုဏ်ဂူစက်ဦးစေတီတော်ကို ဒွတ္တပေါင်မင်းကြီး တည်ထားခဲ့ပါသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးကို ဒုတိယမြောက် ဘုရားဒါယကာအဖြစ် တည်ထားစဉ်က ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်(၄)ဆူကို ဌာပနာထားတော်မူပြီး အခြားဓါတ်တော် မွေတော် များလည်း ဌာပနာထားခဲ့ပါသည်။ ဌာပနာပုံမှာ ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ဌာပနာ တိုက်(၇)တိုက်ရှိ၏။ ၄င်း(၇)တိုက်အနက် ဆံတော်(၄)ဆူမှာ တတိယဌာပနာတိုက်တွင် ကိန်းဝပ်တော်မူ၏။ ကိန်းဝပ်တော်မူပုံမှာ တတိယ ဌာပနာတိုက်တွင် ရတနာညောင်စောင်း(၂)ခုခင်း၏။ ထိုညောင်စောင်းပေါ်တွင် ရတနာပလ္လင် တစ်ခုစီခင်း၏။ ထိုပလ္လင် အထက်၌ ကြုတ်(၈)ထပ်နှင့်တကွ ဆံတော်ပလ္လင်တစ်ခုစီ၌ (၂)ဆူ(၂)ဆူသော ဆံတော်များ ကိန်းဝပ်တော်မူကုန်၏။ ထိုဌာပနာတိုက်များကို မသမာသူတို့ ဝင်ရောက် ဖျက်ဆီးသော ဘေးအန္တရာယ် မှ ကာကွယ်ရန် အစီအမံများကို ရှေးခေတ်စက်ယန္တရား အတတ် ပညာရှင်များက ဓားစက်၊ လှံစက်၊ မီးစက် လေစက် စသည့် ယန္တရားအတားအဆီး များကို ဌာပနာတိုက်သို့ဝင်ရာ ဥမင်လိုဏ်ဂူ လမ်းတစ်လျှောက်တွင် တပ်ဆင်ကာကွယ်ထားကြောင်း၊ ထိုသို့ ဆံတော်မြတ်နှင့် ဓါတ်တော်မွေတော်များ ဌာပနာ ထားရာ တိုက်သို့သွားသည့် ဥမင်လမ်းဝင်ပေါက်သည် ‘စက်ဦးစေတီ’ အောက်တွင် ထားရှိသည်ကို အကြောင်းပြု၍ ဤစေတီကို စက်ဦးစေတီဟူ၍ သမုတ်ထားကြောင်း သိရှိရပါသည်။ ဤစက်ဦးစေတီကို နောက်ဆုံးပြုပြင်ထားသော အထောက်အထားမှာ မြန်မာသက္ကရာဇ် ၁၃၂၇ ခုနှစ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့ ဦးကျင်+ဒေါ်ကျင်စိန် မိသားစုက ပြုပြင်မွမ်းမံထားကြောင်း ကမ္ပည်းမှတ်တမ်းရေးထိုးထားသည်ကို တွေ့ရှိရသည်။ မုခ်တစ်ပေါက်သာပါရှိသည့် လိုဏ်ဂူစက်ဦးစေတီ လိုဏ်ဂူအတွင်း၌ ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ် တော်မူလျက်ရှိပါသည်။ စက်ဦးစေတီ၏ မုခ်ပေါက်မှာ တောင်ဘက်သို့မျက်နှာမူထားပါသည်။ ဤဌာနတွင် အဓိဌာန်ပြုလိုရာဆုတောင်းကြရာတွင် နိုင်ငံခြားခရီးသွားရန်ကိစ္စများ၊ ပြည်တွင်းရပ်ဝေးရပ်နီး ခရီးများ၊ခရီးသွားလာလုပ်ကိုင်ရသူများ၊ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အချစ်ရေးကိစ္စများအဆင်ပြေရေး၊ အနှောင့်အယှက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အခက်အခဲဟူသမျှ အောင်မြင်ရေးအတွက် ဆုတောင်း ပြည့်ဝ ကြောင်း။ လိုဏ်ဂူတွင်း၌ ပုတီးစိပ်အဓိဋ္ဌာန်ဝင်ပြီးမှ လိုရာဆုတစ်ဆုကိုသာတောင်းရသည်။ ဤစေတီမုခ်ပေါက် အတွင်း၌ အဓိဋ္ဌာန်ပုတီးစိပ်သူများ တရားထိုင်သူများကို တွေ့ရသည့်မြင်ကွင်းသည် ကြည်နူးဘွယ်ရာ အားကျစရာ တို့ဖြင့် ထိတွေ့ခံစားရပါသည်။