ရင်ပြင်တော် တနင်္ဂနွေထောင့် ဒုတိယပစ္စယာတွင် သက္ကရာဇ် ၁၃၂၅ ခု၊ ဘူးစိမ်းကြီးလက်ဖက်ခြောက် (ဦးဇွန်း+ဒေါ်လွန်းမေ) သား ဦးဘဦး+ဒေါ်ခင်ရီ မိသားစုတို့က မဟာသုဒဿနတောင် တော်ပိုင်ဘိုးဘိုးကြီးအဆောင်ကို ဆောက်လုပ်လှူဒါန်းထားခဲ့ပါသည်။ ပထမဆောက်လုပ်လှူဒါန်းစဉ်က အဆောင်ငယ် တစ်ဆောင်သာ ဖြစ်သော်လည်း မူလအလှူရှင် ဦးဘဦး+ဒေါ်ခင်ရီ မိသားစုကပင် ရှေ့မျက်နှာဆောင် တိုးချဲ့ခြင်း၊ သံပန်းတံးခါးများ တပ်ဆင်ခြင်း၊ နံရံ(၃)ဘက် ကာရံ၍ မှန်စီခြင်းများကို တိုးချဲ့လှူဒါန်းကြပါသည်။ ယခုအခါတွင် တောင်ပိုင်ဘိုးဘိုးကြီးထံတွင် ကန်တော့ပွဲလှူဒါန်းသူများ ပုဆိုးပဝါဆက်သူများ ပုတီးစိပ်သူများဖြင့် စည်းကား နေပါသည်။
ရင်ပြင်တော် တနင်္ဂနွေထောင့်တွင် ပထမပစ္စယာတောင်ပိုင်ဘိုးဘိုးအဆောင်ရှိပါသည်။ မူလအလှူရှင်များမှာ ပြည်မြို့၊ တိုးတက်ရေးပွဲရုံပိုင်ရှင် ဦးသာလှိုင်+ဒေါ်မြရင် သားသမီးတစ်စုနှင့် ကုန်သည်ဦးနီ၊ ဆရားပေါ၊ ဦးချစ်ခင်၊ မောင်အောင်မြင့်၊ မောင်ရဲမြင့်၊ မောင်ထွန်းရှင် မောင်လေး တို့က ၁၉၅၆ ခုနှစ်က ဆောက်လုပ်လှူဒါန်းပါသည်။ တိုးတက်ရေးပွဲရုံပိုင်ရှင် ဦးလှအောင်+ဒေါ်ညိမ်းညိမ်း နှင့် မိသားစုများက ရှေ့မျက်နှာအဆောင် တိုးချဲ့ ဆောက်လုပ်ပြီး ထပ်မံလှူဒါန်းကြပါသည်။ ပထမပစ္စယာရှိ ဘိုးဘိုးကြီးနှင့် ဒုတိယပစ္စယာရှိ ဘိုးဘိုးကြီး အဆောင်များတွင် ကန်တော့ပွဲပေးခြင်းများ၊ ပုဆိုး၊ ပဝါဆက်သခြင်းများ၊ အဓိဌာန်ပုတီးစိပ်သူများအနေဖြင့် မိမိတို့လိုအပ်သည့်ဆန္ဒများ ပြည့်ဝကြသည်ဟု ယုံကြည်မှု အပြည့်အဝဖြင့် လှူဒါန်းကြသူများ အဓိဋ္ဌာန်ပြုကြသူများဖြင့် စည်ကားလျက်ရှိပါသည်။