လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ နှစ်စဉ် တပေါင်းလတွင် အစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ဝဋ္ဋသုတ်တော် ရွတ်ဖတ်ပူဇော်ပွဲကို စေတီတော်ကြီး ရင်ပြင်တော်ပေါ်ဝယ် ကျင်းပမြဲဖြစ်သည်။ တပေါင်းလသည် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့မှ ဦးဆောင်၍ ပြည်မြို့နှင့်တကွ နိုင်ငံတော် တစ်ဝှမ်းလုံး မီးဘေးအန္တရာယ် အသွယ်သွယ်မှ ကင်းဝေးစေရန်ရည်ရွယ်၍ နှစ်စဉ် တပေါင်းလဆန်း(၁)ရက်မှ တပေါင်းလဆန်း (၃)ရက်နေ့အထိ (၃)ရက်တိုင်တိုင် မြို့ပေါ်ရှိ ဝတ်အသင်းများမှ (၅၄) သင်းကို ဂေါပကအဖွဲ့မှ မေတ္တာရပ်ခံ ဖိတ်ကြားကာ ဝဋ္ဋသုတ်ပရိတ်တော်ကို ရွတ်ဖတ်ပူဇော်မြဲဖြစ်သည်။ ဝတ်အသင်း (၅၄)သင်းကို ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ် တစ်ပတ်လည်တွင် ဝတ်အသင်းများကို နေရာ(၆)နေရာခွဲ၍ နံနက်(၂)သင်းစီ နှင့် ည(၁)သင်းစီ တို့ကို သုံးနေ့၊ သုံးည တိုင်တိုင် အလှည့်ကျ တာဝန်ခွဲ၍ ဝဋ္ဋသုတ် ပရိတ်တော်ကို နိုင်ငံလုံးကျွတ်၊ မြို့လုံးကျွတ် မီးဘေးအန္တရာယ်အသွယ်သွယ်မှ ကင်းရှင်းစေရန် ဝတ်ရွတ်သင်းများက တစ်ပြိုင်နက်ရွတ်ဖတ်ပူဇော်ကြပါသည်။
လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့သည် တပေါင်းလတွင် ဝိဇာတပွဲတော် အခမ်းအနား ကိုလည်းပြုလုပ်ပါသည်။