အဘိဓမ္မာအခါတော်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ အနှစ်သာရရှိသော အခါတော်၊ ပွဲတော်များဖြင့် ထုံမွမ်းဝေစည်လျက်ရှိသလို ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ကလည်း နှစ်စဉ် အစဉ်အလာမပျက် အဘိဓမ္မာအခါတော်နေ့အခမ်းအနားကို သီတင်းကျွတ်လပြည့်နေ့ ညနေ (၅)နာရီတိုင်းတွင် ကျင်းပမြဲဖြစ်သည်။ အဘိဓမ္မာ အခါတော်နေ့ ကျင်းပရာ ရွှေဆံတော်စေတီတော် ရင်ပြင်တော်ပေါ်ရှိ ကျားပျံဓမ္မာရုံသို့ ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး သိကောင်းစရာများကို ဟောကြားတော်မူပါသည်။
လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် ဆီမီး (၉၉၀၀) ပူဇော်ပွဲအခမ်းအနားကို နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ ညနေ(၆:၃၀)နာရီအချိန်တွင် ဆံတော်ရှင်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပတ်လည်တွင် ဂေါပကအဖွဲ့မှဦးဆောင်လျက် ဝေယျာဝစ္စ(၇)ဖွဲ့မှ အဖွဲ့ဝင်များ၊ စေတီတော်ဝန်ထမ်းမိသားစုများနှင့် မြို့ပေါ်ရပ်ကွက်ပေါင်းစုံ ပြည်သူအလှူရှင်အပေါင်းတို့က လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးအား ဆီမီးခွက်ပေါင်း (၉၉၀၀)ဖြင့် မီးပူဇော်ပွဲအခမ်းအနားကို စုပေါင်းဦးဆောင် ပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ဆီမီး (၉၉၀၀)ပူဇော်ပွဲအခမ်းအနားကို ကျင်းပမြဲဖြစ်သည်။