<<ရှေ့သို့

လေးဆူဓာတ်ပျော်ရွှေဆံတော်ဘုရားကြီး၏ ဝါတွင်းသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား





ဝါတွင်းသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ


လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီးဂေါပကအဖွဲ့သည် ဆရာတော် ဘုရားကြီးများ အား ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို စေတီတော်ကြီးရင်ပြင်ပေါ်ရှိ ကျားပျံဓမ္မာရုံတွင် အစဉ်အလာမပျက်နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ စေတီတော်မြတ်ကြီးဂေါပကအဖွဲ့မှ ဦးဆောင်၍ ဝေယျာဝစ္စအဖွဲ့(၇)ဖွဲ့မှ အဖွဲ့ဝင်များစေတီတော်မြတ်ကြီးဝတ္တကနယ်မြေအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များ၊ဘုရားဈေးတန်း ဆိုင်ရှင်များ၊ စေတီတော်ကြီး ဘက်စုံလုပ်ငန်း ဝိုင်ဝန်း ဆောင်ရွက်နေသူများ၊ စေတီတော်မြတ်ကြီးဝန်ထမ်းများ စသည် စုပေါင်းအလှူရှင်များက ဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီး(၉)ပါး အား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်ရှိ ကျားပျံဓမ္မာရုံတွင် စည်ကားသိုက်မြိုက်စွာဖြင့်အစဉ်အလာမပျက်နှစ်စဉ်စုပေါင်းကျင်းပမြဲဖြစ်ပါသည်။

ဝါတွင်းသီလပွဲနှင့် ဝါတွင်းတရားပွဲ

အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဝါတွင်းသီလပွဲနှင့် ဝါတွင်းတရားပွဲများကို နှစ်စဉ် ဝါဆိုလပြည့်၊ သီးတင်းနေ့မှစ၍ သီတင်းကျွတ်လပြည့်၊ သီးတင်းနေ့အထိ (၁၃)သီတင်းကို နှစ်စဉ် စေတီတော်ရင်ပြင် ကျားပျံဓမ္မာရုံတွင် ကျင်းပမြဲဖြစ်ပါသည်။ မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဌ ဆရာတော်၏ စီစဉ်ပေးသော ပြည်မြို့ပေါ်ရှိ စာသင်ကျောင်းတိုက်များနှင့် ကျောင်းတိုက်ကြီးများမှ ဆရာတော်၊ သံဃာတော်များက နံနက်ပိုင်းသီလပွဲနှင့် နေ့လည်ပိုင်းတရားပွဲများကို မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဌ ဆရာတော်၏ တာဝန်ခွဲဝေပေးသည့် ဇယားပါ သီတင်းနေ့များအတိုင်း ကြွရောက်၍ သီလပွဲ+တရားပွဲများကို ချီးမြှင့်ပေးကြသည်။ ဆရာတော်၊ သံဃာတော်များအား ခွဲဝေပေးထားသည့် ဇယားပါ သီတင်းနေ့တိုင်း ကြွရောက်နိုင်ရေးအတွက်လည်း ဂေါပကအဖွဲ့၏ တာဝန်ပေးချက်အရ စေတီတော်မြတ်ကြီး၏ ဝေယျာဝစ္စအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့က နှစ်စဉ်တာဝန်ယူဆောင်ရွက်မြဲဖြစ်သည်။ ဝါတွင်းနိဗ္ဗာန်ဆော် ဗုဒ္ဗံ၊ ဓမ္မံ၊ သံဃံ အဖွဲ့ကလည်း စေတီတော်မြတ်ကြီး ၅နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် “နရည်း” ဖြင့် အဖိတ်နေ့ညတိုင်း မိုးလင်းပေါက် မြို့တွင်းသို့ “ဆံတော်ရှင်ဗျာဒိတ်ပေးဗုဒ္ဓရုပ်ပွားတော်”ကို အထူးမွမ်းမံ ပူဇော်ထားသော ကျောင်းဆောင်တော်ကို ယာဉ်ဖြင့်ပင့်ဆောင်ကာ ရပ်ကွက်စုံသို့ အလှည့်ကျ ဒေသစာရီ ကြွချီအပူဇော်ခံရာတွင် သီတင်း (၁၃)ပတ်တွင် ကျပ်သိန်းရာပေါင်းများစွာ အလှူတော်ငွေရရှိသဖြင့် (၅)နှစ်တစ်ကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ဖြည့်ဆည်းပေးနိုင်ခဲ့ပါသည်။ သာသနာ့ဝေပုလ္လကာရီ အမျိုးသမီးဝေယျာဝစ္စအဖွဲ့ကလည်း ဥပုသ်သီတင်းတိုင်းတွင် ဥပုသ်သည်များအား နံနက်စာ၊ စားသောက်ဖွယ်ရာနှင့် ရေနွေးကြမ်းတို့ဖြင့်လည်းကောင်း၊ နေ့ထမင်းသုံးဆောင်ကြသည့် ဥပုသ်သည်များအတွက် သီးစုံပဲဟင်းလျာဖြင့်လည်းကောင်း အာဟာရဒါန နှစ်စဉ်ပြုမြဲဖြစ်ပါသည်။ ဝါတွင်းကာလရက်ပေါင်း (၉၀)တိုင်တိုင် စေတီတော်မြတ်ကြီး မြတ်စွယ်တော်တိုက်တွင် နေ့စဉ်နံနက်အရုဏ်တိုင်းတွင် ဗုဒ္ဓဒေသနာတော်များ ရွတ်ဖတ်ပူဇော်ပွဲ၌ မြို့ပေါ်ရှိဝတ်ရွတ်သင်း (၆၀)သင်းတို့က ရက်ပေါင်း(၉၀)အတွင်း မိမိတို့တာဝန်ကျသည့် သတင်းနေ့အရုဏ်တိုင်းတွင် ဗုဒ္ဓဒေသနာတော်များကို အလှည့်ကျရွတ်ဖတ်ပူဇော်ကြမြဲဖြစ်ပါသည်။

ဝါဆိုလပြည့်၊ ဓမ္မစကြာနေ့

လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပ မြဲဖြစ်သော ဓမ္မစကြာအခါတော် နေ့အခမ်းအနား ကို ဝါဆို လပြည့်နေ့ ညနေပိုင်းတွင် ကျားပျံဓမ္မာရုံတွင် နှစ်စဉ်ကျင်းပမြဲဖြစ်ပါသည်။ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ကျင်းပရာ အခမ်းအနားသို့ ဂေါပကအဖွဲ့ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ဝေယျာဝစ္စ (၇)ဖွဲ့မှ အဖွဲ့ဝင်းများ၊ မြို့ပေါ်ရှိ ဝတ်သင်း (၆၀)တို့မှဝတ်အသင်းသားများ တက်ရောက်ကြသည်။ ဩဝါဒါစရိယ ဆရာတော်ဘုရားကြီးမှ ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာများကို ဟောကြားတော်မူပြီးနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က ဓမ္မစကြာတရားတော်ကို ရွတ်ပွားပူဇော်ကြသည်။ ဆရာတော် သံဃာတော်များ ဓမ္မစကြာတရားတော်ကို ရွတ်ပွားပူဇော်ပြီးနောက်ပိုင်းတွင် ဂေါပကအဖွဲ့ဝင်းများ၊ ဝေယျာဝစ္စအဖွဲ့ဝင်များနှင့် မြို့ပေါ်ရှိ ဝတ်အသင်း (၆၀)တို့မှ ဝတ်အသင်းသား၊ အသင်းသူများက စေတီတော်မြတ်ကြီးရင်ပြင်တွင် စေတီတော်မြတ်ကြီးကို ဝိုင်းရံလျက် ဓမ္မစကြာတရားတော်များကို တစ်ပြိုင်တည်း ရွတ်ဖတ်ပူဇော်မှု ပြုမြဲဖြစ်ပါသည်။