ရွှေဆံတော်စေတီတော် အင်္ဂါထောင့်၊ ဗုဒ္ဓံ ဓမ္မံ သံဃံ ဝါတွင်းနိဗ္ဗာန်ဆော်အဖွဲ့ တည်ရှိရာ ဒေါ်စောရင်ဓမ္မာရုံတန်ဆောင်း အရှေ့ဘက်တွင် ကပ်လျက်‘ဝ’လေးလုံး စေတီငယ်ကို ဖူးတွေ့ရမည်ဖြစ်ပါသည်။ ခရစ်နှစ် ၁၉၅၃ ခုနှစ်တွင် ကောင်းမှုရှင် တစ်ဦးက ကိုးနဝင်းကျေ ‘ဝ’ လေးလုံးစေတီကို တည်ထား ခဲ့ပါသည်။ စေတီငယ် တည်ဆောက်ပုံမှာ ပစ္စယာငယ်တစ်ဆင့်ခံပြီး ယင်းပစ္စယာပေါ်၌ ‘ဝ’ အက္ခရာ လေးလုံး ကြီးစဉ်ငယ်လိုက် တစ်ကွင်းစီပတ်ခွေထားသည့် အပေါ်မှ စေတီလုံး တည်ထားခြင်းဖြစ်သည်။ ‘ဝ’ ကွင်းလေးကွင်း ပေါ်တွင် စေတီတည်ထား ခြင်းကြောင့် ‘ဝ’ လေးလုံးစေတီဟူ၍ လူသိများ ထင်ရှား လှပေသည်။ ‘ဝ’ လေးလုံးစေတီလုံးပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စေတီငယ်ရင်ပြင်ပတ်လည်နှင့် ဂြိုဟ် (၈) ခွင်တို့တွင် သန့်ရှင်းကြည်လင် တင့်တယ်လှပနေစေရန် ကြွေကျောက်ပြား များအပြည့်ကပ်၍ လှူဒန်းခြင်းကို ရန်ကုန်မြို့၊ အလုံရပ်၊ နှင်းဆီလမ်း၊ အမှတ်(၅၅)နေ ဦးမြတ်ကြည်+ဒေါ်အေးအေးမာ မိသားစုက ပြုလုပ်လှူဒါန်းကြပါသည်။ အဓိဌာန်ပုတီးစိပ်သူများ၊ တရားထိုင်သူများနှင့် စည်ကားနေသလို ဂမ္ဘီရပုဂ္ဂိုလ်များ အဓိဌာန်ပုတီးစိပ်ရာ ပြည်ဝင် ပြည်ထွက် အောင်မြေအထူးဌာနလည်းဖြစ်ပါသည်။(မိမိမွေးနံအလိုက်ထိုင်၍ ပုတီးသက်စေ့ နှစ်သက်ရာ ဂါထာဖြင့် စိပ်ကြသည်။ လောကီလောကုတ္တရာ လိုရာဆုတောင်း ကြ၏။)
သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးသည် မြသိတင်(ခေါ်) ရွှေဆံတော် စေတီတော်မြတ်ကြီး ကိုတည်ထားပြီးနောက် ရွှေဆံတော် စေတီတော် မြတ်ကြီးသို့ အစဉ်အမြဲ ဘုရားဖူး ကြွရောက်လေ့ရှိသည်။ ဒွတ္တပေါင် မင်းကြီးသည် စေတီတော်မြတ်ကြီး၌ ပူဇော်မှုအထူးရှိသည့် ဥပုသ်နေ့များ၌သာ မြသိတင်(ခေါ်) ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ အရှေ့ဘက် စောင်းတန်းမှ တက်ရောက်ပြီး အရှေ့ဘက်အာရုံခံတန်ဆောင်း (မင်းဖူးအာရုံခံတန်ဆောင်း) အတွင်းမှ လှူဒါန်းပူဇော် လေ့ရှိသည်။ ဒွတ္တပေါင် မင်းကြီးသည် ပူဇော်မှုအထူးမရှိသည့် နေ့ရက်များတွင် အဖူးအမြော် ကြွရောက် လာပါက ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်သို့ တက်ရောက် ဖူးမြော်ခြင်းမပြုတော့ဘဲ စေတီတော်မြတ်ကြီး၏ ဒုတိယပစ္စယာ မှသာ ဖူးမြော်လေ့ရှိသည်။ စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ အမွှေးနံ့သာ စသည့် လှူဒါန်းဖွယ်ရာများကို “ပန်းတင်ခုံ” (အုတ်ပလ္လင်) ပေါ်တင်၍ လှူဒါန်းပူဇော်လေ့ ရှိသည်။ ဤဒုတိယပစ္စယာနေရာပေါ်၌ ယခုအခါ ဘိုးဘိုးအောင် သီတင်းသုံးလျက်ရှိသည့် မဟာဗောဓိ အသင်းတိုက် နှင့် ဗောဓိပင်ရင်ပြင်တော် နေရာအဖြစ် တွေ့ရမည်ဖြစ်ပါသည်။ ထိုရင်ပြင်ပေါ်ရှိ ဒွတ္တပေါင်မင်းကြီး လှူဒါန်းဖွယ်ရာများတင်လှူသည့် “ပန်းတင်ခုံ” (အုတ်ပလ္လင်) ပေါ်တွင် “ပြည်ဘုရင် သီဟသူမင်း” က စေတီငယ်တစ်ဆူတည်ထားပြီး “ပျူပန်းတင်စေတီ” ဟူ၍ ဘွဲ့တော်တင်ခဲ့သည်။ ယခုအခါ ထိုစေတီကို ရွှေဆံတော်ဂေါပကအဖွဲ့မှ မှန်သင်္ကန်းကပ်ခြင်း၊ ပန်းတင်ခုံနှင့် စေတီရင်ပြင်တို့တွင် ကြွေကျောက်ပြားများ သန့်ရှင်းသေသပ်လှပစွာ ခင်းကျင်းလှူဒါန်းထားသည့် ပျူပန်းတင်စေတီကို ဖူးတွေ့နိုင်ပါသည်။
နောင်တော်ကြီးစေတီတော်သည် သရေခေတ္တရာခေတ် ရှေးဟောင်းသမိုင်းဝင် စေတီတစ်ဆူဖြစ်ပါသည်။ ဒွတ္တပေါင်မင်းကြီးသည် မြသိတင်(ခေါ်) ရွှေဆံတော် စေတီတော်မြတ်ကြီးကို ပြန်လည်တည်ထားစဉ်က သုဒဿနတောင်တော်၏ အရှေ့ရင်ပြင်တော်၌ ‘ဆုတောင်းပြည့်စေတီ၊ ပုံတော်ဦးစေတီ၊ နောင်တော်ကြီး စေတီ’ များကိုလည်းတည်ထားခဲ့ပေသည်။ နောင်တော်ကြီးရုပ်ပွားတော်နှင့် ဆုတောင်းပြည့်ညီနောင်နှစ်ဖော် ရုပ်ပွားတော်များကိန်းဝပ်စံပယ်တော်မူရန် လိုဏ်ခံစေတီ(၂)ဆူကိုလည်း တည်ထားရာ ညီနောင်နှစ်ဖော်ရုပ်ပွားတော် (၂)ဆူကိန်းဝပ်ရာစေတီတော်၏ ဘွဲ့တော်မှ ‘ဆုတောင်းပြည့်စေတီ’ ဟု ဘွဲ့တော်တွင်ခဲ့သလို နောင်တော်ကြီးရုပ်ပွားတော် ကိန်းဝပ်စံပယ်တော် မူရာစေတီသည်လည်း ‘နောင်တော်ကြီးစေတီ’တော်ဟူ၍ ဘွဲ့တော်ခေါ်ဆို သမုတ်ခဲ့ကြပေသည်။ နောင်တော်ကြီးစေတီတော်သို့ ဝင်ရောက်ဖူးမြော် မည်ဆိုပါက ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက် ရင်ပြင်တော်ရှိ ရွှေ-ဦးလူကလေး အာရုံခံတန်ဆောင်းနှင့် ဦးကြံလှိုင် ဓမ္မာရုံတန်ဆောင်းတို့၏ (၂)ဆောင်ကြား ခေါင်းလောင်း(၄)လုံးချိတ်ဆွဲထားရာ ကြားလမ်းကလေးမှ အရှေ့ဘက်သို့ ဝင်လိုက်လျှင် နောင်တော်ကြီး စေတီ၏ အနောက်ဘက် မုခ်ပေါက်ဝသို့ ရောက်မည်ဖြစ်ပါသည်။ သရေခေတ္တရာခေတ် လက်ရာဖြစ်ပြီး ပစ္စယာ(၃)ဆင့်ပေါ်၌ ရှစ်မြှောင့်ပစ္စယာဖြင့် လိုဏ်ခံ၍အပေါ်တွင် စေတီပေါက်ထားသဖြင့် ဉာဏ်တော်မြင့်မားလှပါသည်။ လိုဏ်ခံဂူ၌ အရှေ့ဘက် မုခ်ပေါက် လုံးဝမပါရှိဘဲ ကျန်အရပ်မျက်နှာ(၃)ခု၌သာ သရေခေတ္တရာ လက်ရာအုတ်သပ်စီခုံး မုခ်ပေါက်(၃)ပေါက် ပါရှိသည်ကို တွေ့ရပါသည်။ လိုဏ်ဂူအတွင်း၌ ဉာဏ်တော်မြင့်မားသည့် ရုပ်ပွားတော်(၁)ဆူ ကိန်းဝပ်စံပယ် တော်မူနေပြီး ရွှေစင်သင်္ကန်းများ ကပ်လှူထားသည်မှာလည်း အထူးသပ္ပာယ် ကြည်ညိုဖွယ်ကောင်းလှပါသည်။ မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ်တွင် တစ်ကြိမ် ပြုပြင်မွမ်းမံခြင်းနှင့် ၁၃၁၈ ခုနှစ်တွင် ပြည်မြို့၊ စျေးကြီးအထည်ကုန်သည် ဒေါ်အုန်းငွေနှင့် မကြည်ကြည်တို့က ပလ္လင်တော်နှင့် လိုဏ်ဂူအတွင်းနံရံများ အားလုံးကို မှန်စီကပ်လှူခဲ့ပါသည်။
ပုံတော်ဦးစေတီသည် ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော် အရှေ့တောင်ထောင့် ဦးစောနန်း+ဒေါ်သင်တို့၏ စေတီငယ်တောင်ဘက်၌ ကပ်လျက် ဖူးတွေ့နိုင်ပါသည်။ ပစ္စယာ(၃) ဆင့် ပေါ်တွင် တည်ထားပါသည်။ ပထမပစ္စယာလေးထောင့်၌ ခြင်္သေ့(၄)ကောင်၊ ဒုတိယပစ္စယာလေးထောင့်၌ အင်္ဂတေပန်းအိုး (၄)အိုးနှင့် ရွှေပန်းခိုင်၊ တတိယပစ္စယာလေးထောင့်၌ စေတီရံ (၄)ဆူ တည်ထားသည်ကို တွေ့နိုင်ပါသည်။ ဒွတ္တပေါင်မင်းကြီးသည် ရွှေဆံတော်စေတီတော်ကို ကြီးမားတင့်တယ်တော်မူသည့် စေတီတော် ကြီးအဖြစ် တည်ထားရာ၌ “ပုံတော်”အချိုးအစား ကျနသပ္ပာယ်စေရန် ရှေးဦးစွာ စေတီငယ်တစ်ဆူကို ပုံစံပြုတည်ထားခဲ့သည်။ ယင်းစေတီငယ်ပုံစံ အချိုးအစားအတိုင်း ယနေ့ဖူးတွေ့ရသော ရွှေဆံတော် စေတီတော်မြတ်ကြီးကို တည်ထားခဲ့ရာ သာသနာတော်နှစ်(၁၂၆)ခု၊ တပေါင်းလပြည့်နေ့တွင် ပုံစံငယ် စေတီအချိုးအစားအတိုင်း စေတီတည်မှု အောင်မြင်ပြီးစီးခဲ့သည်။ ရွှေဆံတော်စေတီတော်မြတ်ကြီး တည်ထားရာ၌ “ပုံတော်” အချိုးအစားကျန သပ္ပာယ်စေရန် အဦးအဖျား တည်ထားသော စေတီဖြစ်သောကြောင့် ယင်းစေတီငယ်ဘွဲ့တော်မှာ “ပုံတော်ဦးစေတီ” ဟူ၍ သရေခေတ္တရာခေတ် ဒွတ္တပေါင် မင်းကြီးလက်ထက်မှ ယနေ့တိုင် ဘွဲ့တော်တွင်လျက်ရှိပါသည်။ မြန်မာသက္ကရာဇ် (၁၃၁၅)ခု၊ တန်ဆောင်မုန်းလတွင် “ပုံတော်ဦး”စေတီကို ပြည်မြို့၊ ရွှေဆံတော် ဂေါပက ဦးစိန်+ဒေါ်အေးရင် နှင့် သားသမီးတစ်စုတို့က ပြန်လည်မွမ်းမံခဲ့သည်။
သရေခေတ္တရာပြည့်ရှင်ဒွတ္တပေါင်မင်းကြီးသည် သာသနာတော်နှစ် ၁၂၆ခုနှစ်တွင် ‘မြသိတင် (ခေါ်)ရွှေဆံတော်’ စေတီတော် မြတ်ကြီးကို ဒုတိယဒါယကာအဖြစ် ပြန်လည်တည်ထားစဉ်ကပင် သရေခေတ္တရာလက်ရာ သပ်စီ အုတ်ခုံး မုခ်လေးပေါက်ပါလိုဏ်ခံဆုတောင်းပြည့်စေတီကိုပါ တည်ထားခဲ့သည်။ လိုဏ်ဂူ ပေါ်တွင် အနုပညာလက်ရာများဖြင့် စေတီရံ(၄)ဆူပါရှိပြီး လိုဏ်ဂူအတွင်း၌ ဆုတောင်းပြည့် နောင်တော်၊ ညီတော်ရုပ်ပွားတော် (၂) ဆူမှာ ကျောချင်းကပ် ကိန်းဝပ် စံပယ်တော်မူလျက်ရှိသည်။ မြသိတင်(ခေါ်) ရွှေဆံတော် စေတီတော်ဘက်သို့ မျက်နှာမူထားသည့် အနောက်ဘက်မုခ်အတွင်း ကိန်းဝပ် စံပယ်တော်မူနေသည့် ရုပ်ပွားတော်မှာ ‘နောင်တော်ဆုတောင်းပြည့်’ ရုပ်ပွားတော် ဖြစ်ပါသည်။ ဆယ်ထပ်ကြီး ဘုရားဘက်နှင့် အောင်မြေဘက်သို့ မျက်နှာမူ ထားသည့် အရှေ့ဘက်မုခ်အတွင်း ကိန်းဝပ်စံပယ်တော်မူနေသည့် ရုပ်ပွားတော်မှာ ‘ညီတော်ဆုတောင်းပြည့်’ ရုပ်ပွားတော်ဖြစ်ပါသည်။ ဤဆုတောင်းပြည့် စေတီတော် လိုဏ်ဂူအတွင်း ကိန်းဝပ်စံပယ် တော်မူနေသည့် ‘ညီနောင်နှစ်ဖော်’ ရုပ်ပွားတော်(၂)ဆူရှေ့မှောက်တွင် မြသိတင်(ခေါ်) ရွှေဆံတော်စေတီတော် မြတ်ကြီး၏ ဘုရားဒါယကာ၊ သရေခေတ္တရာပြည့်ရှင် ဒွတ္တပေါင်မင်းကြီးမှ အစပြု၍ ခေတ်အဆက်ဆက် မင်းနှင့်ပြည်သူများ ဆုတောင်းဆုယူပြုခဲ့ကြသလို - အလောင်းမင်း တရားကြီးသည် တတိယ မြန်မာနိုင်ငံတော်ကြီး ထူထောင် တည်ဆောက်နိုင်ရေးအတွက် မင်းတရားကြီး ကိုယ်တော်တိုင် ဤဆုတောင်းပြည့် စေတီ လိုဏ်နန်းထဲတွင် ကိန်းဝပ်စံပယ်တော်မူနေသည့် ညီနောင်နှစ်ဖော် ဆုတောင်းပြည့်ရုပ်ပွားတော်(၂)ဆူ ရှေ့တော်မှောက်ဝယ် တောင်းဆုပန်ခဲ့သည် များလည်း လုံးဝဥဿုံဆုတောင်းပြည့်ဝခဲ့ပြီး တတိယ မြန်မာနိုင်ငံတော်ကြီးကို ထူထောင်တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်
ပတ္တမြားမျက်ရှင်ဘုရား ဆင်းတုတော်မှာ ရွှေဆံတော် စေတီတော်၏တောင်ဘက် ရင်ပြင် ဗုဒ္ဓဟူး ဂြိုဟ်စင်အနီး မြတ်စွယ်တော်တိုက်နှင့် မျက်နှာချင်းဆိုင် စေတီတော်မြတ်ကြီးအား မဟာရံတံတိုင်း သဖွယ် ပတ်ထားသည့် စေတီရံ (၁) ဆူ၏ အောင်ခြေမုခ်ပေါက် မှန်ကျောင်းဆောင် အတွင်း၌ ကိန်းဝပ် စံပယ်လျက် ရှိပါသည်။ ပတ္တမြားမျက်ရှင်ဘုရား ကိန်းဝပ်ရာ မုခ်ပေါက်ရှေ့ရှိ မဟာရံတံတိုင်း၌ “ပတ္တမြား မျက်ရှင်ဘုရား” ကမ္ပည်းစာတန်း ရေးထိုး ချိတ်ဆွဲထားပါသည်။
ပြည်မြို့၊ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ မြောက်ဘက် အာရုံခံတွင် အများ ပြည်သူတို့ ဖူးမြော်နိုင်ကြစေရန် နှီးဘုရား ရုပ်ပွားတော်ကြီးကို ရက်လုပ်ပူဇော်ထားပါသည်။ နှီးဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့၊ မဟာမုနိကျောင်းတိုက် ဆရာတော် ဦးဝိမလဗုဒ္ဓိ ဦးဆောင်သော အဖွဲ့က ရက်လုပ်ပူဇော်ခဲ့ပါသည်။ နှီးဘုရားရုပ်ပွားတော်ကြီးကို ခရစ်နှစ်(၂၀၁၀)ခု ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် စတင်ရက်လုပ် ခဲ့ရာ ယင်းနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့တွင် ရက်လုပ်ပြီးစီးခဲ့သည်။ ဖေဖော်ဝါရီလ(၂၅)ရက် နေ့လည်(၁)နာရီတွင် ဂေါပကအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပွဲ ပြုလုပ်ပေးအပ်ခဲ့ ပါသည်။ နှီးဘုရားရုပ်ပွားတော်ကြီး ရက်လုပ်ပူဇော်နေစဉ်တွင် အများပြည်သူတို့ အလှူငွေပါဝင် လှူဒါန်း ကြရာ ကျပ်သိန်း (၁၄၅)သိန်းကျော်ရရှိခဲ့ပါသည်။ နှီးဘုရားရုပ်ပွားတော်ကြီးကို ခရစ်(၂၀၁၀)ခု၊ ဧပြီလ (၁၀)ရက်နေ့တွင် စတင်၍ ရွှေသင်္ကန်း ကပ်လှူရာ ဧပြီလ(၁၇)ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။ ၂ လက်မ ရွှေဆိုင်း (၂၂၅)ဆိုင်း ကပ်လှူပူဇော်ထားပါသည်။ နှီးဘုရားကြီး၏ ပုံတော် အချိုးအစားမှာ ပလ္လင်တော်(၂)ပေ၊ ဉာဏ်တော်အမြင့် (၁၁)ပေ၊ (၁)လက်မ၊ ဒူးဝန်းတော်အကျယ်(၉)ပေရှိပြီး ဘူမိဖဿမုဒြာပုံတော် ဖြစ်ပါသည်။ နှီးဘုရားရုပ်ပွားတော် ကို ခရစ်နှစ်(၂၀၁၀)ခုနှစ် ဧပြီလ(၂၄)ရက်နေ့တွင် အနေကဇာတင်ခဲ့ ပါသည်။ စေတနာရှင် ပါရမီရှင်တို့ ဆက်လက်လှူဒါန်း ပူဇော်လျက်ရှိရာ အလှူတော်ငွေကျပ် (၂၆၁) သိန်း ကျော် လှူဒါန်းရရှိနေဆဲ ဖြစ်ပါသည်။ စေတီတော်ကြီး၏ မြောက်ဘက် အာရုံခံ တန်ဆောင်းအတွင်း ကိန်းဝပ်စံပယ်လျက် ရှိပါသည်။
ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင်တော်အင်္ဂါထောင့်နှင့် မြတ်စွယ်တော် တိုက်၏ အရှေ့ဘက်ကပ်လျက် “ဓါတ်ပေါင်းစုစေတီတော်” တည်ရှိပါသည်။ မြန်မာသက္ကရာဇ် ၁၃၂ဝ ပြည့်နှစ်၊ ခရစ်နှစ် ၁၉၅၈ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံတော် တိုင်းသူပြည်သား အများကောင်းမှု ဟူသော ကမ္ပည်း ရေးထိုး လှူဒါန်းထားပါသည်။ ယင်းဓါတ်ပေါင်းစု စေတီသည် ရှစ်မျက်နှာ စေတီပုံဖြစ်ပြီး မုခ်(၈)ပေါက်ပါရှိပါသည်။ ယင်းမုခ်ပေါက် အတွင်း၌ ရုပ်ပွားတော် (၈)ဆူသည် မုခ်ပေါက်မှ မှန်တံခါးအတွင်း ကိန်းဝပ်စံပယ်လျက်ရှိပါသည်။
ဆံတော်ရှင် စေတီတော်မြတ်ကြီးတွင် တင်လှူထားသော မွန်မြန်မာထီးတော်မှာ မွန်ထီးတော်ကို ပွဲစားတန်းရပ် မှလည်းကောင်း၊ မြန်မာထီးတော်ကို ရွာဘဲရပ် မှလည်းကောင်း၊ မြန်မာသက္ကရာဇ် ၁၂၇၇ ခုနှစ်၊ ခရစ်နှစ် ၁၉၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် အသီးသီးတင်လှူထားသည့် မွန်မြန်မာထီးတော်ဖြစ်သည်။ ယင်းမွန်မြန်မာထီးတော်သည် ခရစ်နှစ် ၂၀၀၂ ခုနှစ်တွင် သက်တမ်းအားဖြင့် (၈၇)နှစ် ရှိပြီဖြစ်၍ တောင့်တင်းခိုင်မာမှု အားနည်းစဉ် ခရစ်နှစ် ၂ဝဝ၂ ခုနှစ်၊ ဧပြီလ(၁၃)ရက် ညနေ(၄း၁၅)နာရီအချိန်တွင် စနေထောင့်မှ တိုက်ခတ်သော လေပြင်းဒဏ်ကြောင့် မွန်မြန်မာထီးတော် ပျက်စီးယိုယွင်းခဲ့ရာ မွန်မြန်မာ ရွှေထီးတော်သစ်ကို (၂၁-၁၀-၂၀၁၂)နေ့တွင် တင်လှူခဲ့ပြီး ဆံတော်ရှင် စေတီတော်၏ မွန်မြန်မာထီးတော်ဟောင်းကို မြတ်စွယ်တော်တိုက် အရှေ့ဘက် ရင်ပြင်တော်ပေါ်တွင် စေတီငယ်တည်၍ တင်လှူထားသည့် “ထီးတော် စေတီတော်” အဖြစ် ဖူးတွေ့ရမည်။ ဆံတော်ရှင် စေတီတော်ကြီးရှိ အရံစေတီ (၅၁) ဆူမှ ထီးတော်များ ကိုလည်း ရွှေရောင်စတီး ထီးတော်များနှင့် အသစ် လဲလှယ်တင်လှူထားရာ (၅၁) ဆူမှ ထီးတော်ဟောင်း များကိုလည်း “ထီးတော် စေတီတော်” ပတ်လည်တွင် အပူဇော်ခံ ထားသည်ကိုလည်း ဖူးတွေ့ ရပေမည်။