သူတော်စင်အပေါင်း ယခု ဖူးတွေ့နေကြရသည့် စေတီတော်မြတ်ကြီးသည် ဘုရားသမိုင်းဝင် စေတီတော်ကြီး တစ်ဆူဖြစ်ပါသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား၏ ဆံတော်မြတ် (၄)ဆူ၊ အခြားမွေတော်၊ ဓာတ်တော် (၈) ဆူ၊ နိသိဒိုင်ဓမ္မခဏ်အခင်းတော်တို့နှင့် နောင်တော်ဘုရား (၃) ဆူ ဖြစ်တော်မူကြသော၊ ကကုသန်-ဂေါဏဂုံ-ကဿဖ ဘုရားရှင်တော်တို့၏ ဒုကုဋ်တော်-အံသကိုဋ် (သင်းပိုင်) တော်၊ ခါးပန်းတော်တို့ ဌာပနာထားခဲ့သည့် ဤသုဒဿနတောင်တော်မြတ်ကြီး၌ပင် ဗျာဒိတ်တော်မြတ်အရ၊ ဌာပနာ၍ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့၌ အဇ္ဇိက-ဖလ္လိက ကုန်သည်ညီနောင်တို့နှင့် ဧရာပထနဂါးမင်း၊ သမ္ဘူလဘီလူးမင်း၊ သိကြားနတ်များ စတင်တည်ထားကြရာ ယင်းနှစ်တပေါင်းလပြည့်နေ့တွင် အောင်မြင်စွာ တည်ထားခဲ့ပြီး မူလကဉာဏ်တော် (၇) တောင်၊ အလျား×အနံ (၁၄) တောင်ဖြင့် စပါးစုပုံသဏ္ဌာန် မြေစိုက်စေတီတော် ဖြစ်ခဲ့ပါသည်။ သာသနာသက္ကရာဇ် (၁၂၆) ခုနှစ်၌ သရေခေတ္တရာပြည်ကို တည်ထောင် စိုးစံတော်မူသော ဒွတ္တပေါင်မင်းတရားကြီးက သားတော် ရဟန္တာ (၂)ပါးတို့၏ (ယခင် အဇ္ဇိက - ဖလ္လိကညီနောင် ) ရှာဖွေ ဖော်ထုတ်ချက်ဖြင့် ဤစေတီတော်ကြီးကို ယခု ဖူးတွေ့ရသည့် ပုံသဏ္ဌာန်အတိုင်း ပြုပြင်တည်ဆောက် ပြီးစီးခဲ့ပါသည်။ မြန်မာမင်းများ အဆက်ဆက် ကိုးကွယ်တော်မူကြပြီး ပြင်ဆင်ရန်များနှင့် မွမ်းမံတိုးချဲ့သင့်သည်များ ဆောင်ရွက်ခဲ့ကြပါသည်။ ပုဂံခေတ် ကျန်စစ်သားမင်းကြီးက သက္ကရာဇ် (၄၄၅) ခုနှစ်၊ (၁ဝ၈၃ အေဒီ) တွင် ဤစေတီတော်မြတ်ကြီးအား ဖူးမြော်ပြီး မွန်ဘာသာဖြင့် မိမိ၏ ဖြစ်စဉ်နှင့် စေတီတော်ကြီး သမိုင်းအကျဉ်းတို့ကို ကျောက်ထက် အက္ခရာ တင်ထားခဲ့ကြပါသည်။ စေတီတော်မြတ်ကြီး၏ တနင်္ဂ နွေထောင့်အောက်ခြေတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ကျောက်စာတိုက် ဆောက်လုပ်ထိန်းသိမ်းထားပါသည်။ နောက်အဓိက အချက်တစ်ခုမှာ - ဤစေတီတော်မြတ်ကြီးတွင် ထီးတော် (၂) စင်း ထပ်ဆင့် ပူဇော်ထားခြင်းကို တွေ့ရှိနိုင်ပါသည်။ သမိုင်းကြောင်းအရ သက္ကရာဇ် (၁၁၁၆) ခုနှစ်တွင် ပြည်မြို့ကို မွန် လူမျိုးများလက်အောက်မှ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ပြန်လည်သိမ်းပိုက်မိပြီး စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း စေတီတော်လုံးပြည့် ကပ်လှူ၍ တင်ထားပြီးသော မွန်ထီးတော်ကို အောက်သို့ မချတော့ဘဲ မြန်မာထီးတစ်စင်း ထပ်မံပူးတွဲ တင်လှူလိုက်ခြင်းဖြင့် တိုင်းရင်းသားချင်း စည်းလုံးညီညွတ်မှု ချစ်ကြည်ရင်းနှီးမှုတို့ကို သက်သေထူထားကြောင်း သတိမူကြရန် ဖြစ်ပါသည်။ သက္ကရာဇ် (၁၂၂ဝ) ခုနှစ်၊ ဝါခေါင်လပြည့်နေ့ ညနေ (၃) နာရီ ပြည်မြို့တွင် ပြင်းထန်သော မြေငလျင်လှုပ်မှုကြောင့် စေတီတော်ကြီး ခေါင်းလောင်းမှောက်အထိ ပြိုကျပျက်စီးသွားသဖြင့် ပြည်မြို့ ကုန်သည်ကြီး ဦးသာရွှဲက ကမကထပြု၍ ရတနာပုံနေပြည်တော် မင်းတုန်းမင်းတရားကြီးထံသို့ အကျိုးအကြောင်း လျှောက်ထားသဖြင့် မင်းတရားကြီး၏ အလှူတော်ငွေ ၂ဝဝဝ၀နှင့် ပြည်သူအများ ကောင်းမှု ငွေတို့ဖြင့် ထီးတော် (၂)စင်းကိုလည်း ပြန်လည် အသစ် ပြုပြင်၍ စေတီတော်ကြီးအား ပြန်လည်တည်ထားခဲ့ပါသည်။
ဗုဒ္ဓရှင်တော်ဘုရားသည် ဘုရားအဖြစ်ပွင့်တော်မူပြီး (၉) လ အကြာ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် ရဟန္တာ (၅ဝဝ) ခြံရံလျက် မြန်မာပြည်၊ ပြည်မြို့တစ်ဖက်ကမ်းရှိ “ဖိုးဦးတောင် ထိပ်’သို့ ပထမအကြိမ် ကြွရောက်တော်မူခဲ့ပါသည်။ ဗုဒ္ဓရှင်တော်ဘုရားသည် “ဖိုးဦးတောင်ထိပ်”သို့ ရောက်တော် မူသောအခါ သမ္ဘူလဘီလူးမင်း၏ ဘုံကိုးဆင်းရှိသော ဗိမာန်အတွင်း တွင် တင့်တယ်စွာ ဖန်တီးစီမံအပ်သော ပတ္တမြားပလ္လင်ထက်တော်၌ သီတင်းသုံးတော်မူခဲ့ပါသည်။ ထိုသို့ သီတင်းသုံးတော်မူနေစဉ် ထောင် သောင်းမက များလှစွာသော နတ်၊ နဂါး၊ ဘီလူးတို့သည် ဗုဒ္ဓရှင်တော်အား ဖူးမြော်ပူဇော်ကြရန် ဖိုးဦးတောင်သို့ရောက်ရှိလာကြ၍ အထူးထူးသော ပူဇော်မှုတို့ ပြုကြကုန်သည်။ ဗုဒ္ဓရှင်တော်ပွင့်ဦးကာလ ဖိုးဦးတောင်ထိပ်တွင် ဖြစ်ပေါ်ခဲ့သော လူသားတစ်ဦးတစ်ယောက်မျှ ပါဝင်ဆင်နွှဲခွင့်မရလိုက်သော သိကြား၊ ဗြမ္မာ၊ နတ်၊ နဂါး၊ ဘီလူးအများတို့ မြန်မာ့မြေပေါ်တွင် ပထမဦးစွာ ကျင်းပသည့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးပင်ဖြစ်သည်။ ထိုသို့ ပူဇော်ကြစဉ် ဧရာပတ္ထနဂါးမင်းသည် လူအသွင်ဖန်းဆင်း လျက် ဗုဒ္ဓရုပ်ပွားတော်အား ထိခြင်းငါးပါးဖြင့်ရှိခိုးပြီး “တပည့်တော် တို့အား သနားတော်မူသဖြင့် အရှင်ကိုယ်စား ကိုးကွယ်ရာပူဇော်ရာ တစ်စုံတစ်ခုကို ပေးသနားတော်မူပါဘုရား”ဟု လျှောက်ထား၏။ ထိုအခါ ဗုဒ္ဓရှင်တော်သည် ဦးခေါင်းတော်ကို လက်တော်ဖြင့်သုံးသပ်၍ ကပ်ငြိလျက်ပါလာသော ဆံတော် (၄) ဆူကို ဧရာပတ္ထနဂါးမင်းအား ပေးသနားတော်မူပါသည်။ ဧရာပတ္ထနဂါးမင်းနည်းတူ သမ္ဘူလဘီလူးမင်းစသော ဘီလူးမင်း (၄) ယောက်တို့ကလည်း ကိုးကွယ်ရာပူဇော်ရာကိုတောင်းကြပြန်ရာ ဗုဒ္ဓရှင်တော်သည် သမ္ဘူလဘီလူးမင်းအား မွေရှင်တော်(၄)ဆူ၊ဝေသာမိတ္တဘီလူးအား မွေရှင်တော် (၂) ဆူ၊ ဣဒ္ဓိမန္တ ဘီလူးမင်းအား လူတို့၏ မျက်စိဖြင့် မမြင်စွမ်းနိုင်သော သာရစိတ္တမွေရှင်တော်(၂) ဆူ၊ ဝေဠုန္တ ဘီလူးမင်းအား အလွန်သိမ်မွေ့သော ဘင်္ဂမွေရှင် တော် (၂) ဆူတို့အား ပေးအပ်နှင်းခဲ့လေသည်။ နဂါး၊ ဘီလူး (၅) ဦးသောသူတို့သည် သူတို့ရရှိကြသော ဆံတော်မွေတော်တို့ကို မိမိတို့နေရာဌာနဖြစ်သော နဂါးပြည်၊ ဘီလူး ပြည်တို့၌ စေတီတည်ထားကိုးကွယ်ရန် ကြံစည်ကြ၏။ မြတ်စွာဘုရားသည် နဂါး၊ ဘီလူးတို့၏အကြံကို သိတော် မူသဖြင့် “နဂါးမင်း၊ ဘီလူးမင်းအပေါင်းတို့ ဆံတော်မွေတော်တို့ကို မိမိတို့နေရပ်အသီးသီး၌ စေတီတည်ထားကိုးကွယ်ရန် မကြံစည်ကြလေ နှင့် သာသနာတော်အဓွန့်ရှည်စွာ စည်ပင်ပြန့်ပြောရေးအတွက် လူ့ ပြည်၌သာ စေတီတည်ကြကုန်လော့”ဟု မိန့်တော်မူ၏။ တစ်ဆက်တည်းမှာပင် - “လူ့ပြည်၌ သုဒဿနတောင်တော် သည် နှလုံးမွေ့လျော်ဖွယ်ရာဖြစ်၏။ ထို့ပြင် ထိုတောင်တော်သည် နောင်တော်ဘုရားများဖြစ်ကြကုန်သော (၁) ကကုသန်မြတ်စွာဘုရား၏ ဒုကုဋ်တော်၊ (၂) ကောဏဂုံမြတ်စွာဘုရား၏ အံသကိုက်သင်္ကန်းတော် (၃) ကဿပမြတ်စွာဘုရား၏ ခါးပန်းတော်တို့ ကိန်းဝပ်တော် မူရာဌာနဖြစ်၏။ ထို့ပြင် ငါဘုရားနုစဉ်အခါ ဖွတ်မင်း၊ ကြက်မင်း၊ယုန်မင်းဖြစ်စဉ်က နေထိုင်ခဲ့ဖူးသောဌာနလည်းဖြစ်၏။ သင်တို့အား ငါပေးအပ်ထားသော ဆံတော်အမွေတို့ကို ဌာပနာ၍ တစ်ဆူတည်းသော စေတီတော်ကို ဤတောင်တော်၌ တည်ထားကြကုန်”ဟု မိန့်တော် မူ၏။ ထို့အပြင် မြတ်စွာဘုရားက- “နဂါးမင်း၊ ဘီလူးမင်းအပေါင်း တို့ ဤနေ့မှစ၍ (၅၉) ရက်ကြာလျှင် အဇ္ဇိက ဘလ္လိက ကုန်သည် ညီနောင်တို့ရောက်ရှိလာလိမ့်မည်။ ထိုသူတို့နှင့်တိုင်ပင်ပြီးလျှင် သုဒဿန တောင်ပေါ်၌ စေတီတည်ကြကုန်လော့”ဟု မိန့်တော်မူ၏။ မြတ်စွာဘုရားမိန့်တော်မူသည့်အတိုင်းပင် (၂)လအကြာတွင် အဇိက ဘလ္လိက ကုန်သည်ညီနောင်တို့ရောက်ရှိလာကြ၍ သုဒဿန တောင်တော်၌ ဆံတော်မွေတို့ကို ဌာပနာပြု၍ မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်တွင် စတင်တည်ထားခဲ့ရာ တပေါင်းလပြည့်နေ့တွင် စေတီတော်ကို တည်ထားပြီးစီးခဲ့ပါသည်။ ထိုစဉ်က တည်ထားသောစေတီတော်မှာ ဖိနပ်တော် (၁၄) တောင်၊ ဉာဏ်တော်အမြင့် (၇)တောင်ရှိ၍ “စပါးစု”သဏ္ဌာန်ဖြစ်သည်။ ယနေ့ဖူးတွေ့ရသော ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အဦးအစစေတီတော်ဖြစ်ပါသည်။ အဇ္ဇိက၊ ဘလ္လိက၊ နဂါးမင်း၊ ဘီလူးမင်း၊ သိကြားမင်း၊ ဗြဟ္မာ မင်းနှင့်တကွ နတ်ကောင်းနတ်မြတ်များ ရဟန်းရှင်လူပြည်သူအများက ဆံတော်ရှင်စေတီ စတင်တည်ထားသည့် တပေါင်းလဆန်း (၁၃) ရက်နေ့မှစ၍ တပေါင်းလပြည့်နေ့အထိ ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုယ် တော်တိုင် ကြွရောက်အပူဇော်ခံသကဲ့သို့ ဘုရားရှင်ပေးအပ်သည့် ဆံတော်မွေတော်များ ဌာပနာပြုပြီး တည်ထားသော ရွှေဆံတော်စေတီ တော်မြတ်ကြီး ပူဇော်ပွဲကို ဤသုဒဿနတောင်တော်ပေါ်တွင် ပထမ ဆုံးအကြိမ် ပူဇော်ပွဲကျင်းပခဲ့ပါသည်။ ဤသည်မှာ ဘုရားရှင်ကိုယ်တော်တိုင် အပူဇော်ခံနေသကဲ့သို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီးအား ပူဇော်ကြ သည့် ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်သမိုင်းအစပင်ဖြစ်ပါသည်။ ဗုဒ္ဓရှင်တော်ပရိနိဗ္ဗာန်စံဝင်တော်မူပြီးသည့်နောက် သာသနာ နှစ် ၁ဝ၁ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီးသည် ပြည်မြို့ အရှေ့ဘက် (၅) မိုင်ခန့်အကွာတွင် ပျူရှေးဟောင်းမြို့ပြနိုင်ငံတော်ဖြစ်သည့် ဂြိံချတ္တရ (ခေါ်) သရေခေတ္တရာ ပြည်ကြီးကို တည်ထောင်စိုးမိုးအုပ်ချုပ်ခဲ့ပါသည်။ သာသနာတော်နှစ် ၁၂၆ ခုနှစ်တွင် ဒွတ္တဘောင်မင်းကြီး၏ သားတော်နှစ်ပါးဖြစ်ကြသည့် ရဟန္တာအရှင်သူမြတ် (၂)ပါးက ဘ၀ ဟောင်းက အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်ဖြစ်ခဲ့ကြစဉ် ဗုဒ္ဓ ရှင်တော်၏ ဗျာဒိတ်တော်အတိုင်း သုဒဿနတောင်တော်မြတ်တွင် ဗုဒ္ဓရှင်တော်၏ ဆံတော်မွေတော်များကို ဌာပနာ၍ ဉာဏ်တော် (၇) တောင် အမြင့်ဆောင်သည့် စေတီတည်ထားခဲ့ကြောင်း၊ ထိုစေတီကို ကြီးမားတင့်တယ်ကြည်ညိုဖွယ်ရာ စေတီတစ်ဆူ အဖြစ်တည်ခဲ့ကြောင်း၊ ခမည်းတော် ဒွတ္တဘောင်မင်းကြီးအား မိန့်ကြားခဲ့ပါသည်။ ဒွတ္တဘောင်မင်းကြီးသည် သားတော်နှစ်ပါးတို့ အဇ္ဇိက၊ ဘလ္လိက ကုန်သည်ညီနောင်ဘဝက တည်ထားခဲ့သော ရွှေဆံတော်စေတီတော်ကို အသစ်တစ်ဖန်ပြန်လည်တည်ထားရန် သုဒဿနတောင်တော်၏တောင် ဘက် ယွန်းယွန်းအရပ်၌ မြို့ကလေးတည်၍ စံမြန်းတော်မူခဲ့သည်။ ဒွတ္တဘောင်မင်းကြီးသည် နေ့စဉ်များစွာသော အသပြာ၊ ဥစ္စာ တို့ကိုလည်း ပေးကမ်းလှူဒါန်း၏။ များစွာသော ရဟန်းယောက်ျား၊ ရဟန်းမိန်းမ၊ ရှင်သာမဏေ စသည်တို့အားလည်း ပစ္စည်းလေးပါးဖြင့် ဆင်းရဲငြိုငြင်မှု မဖြစ်စေရန် လှူဒါန်းချီးမြှင့်တော်မူပါသည်။ သုဒဿနတောင် တော်ဝန်းကျင် တစ်ဝိုက်လုံးရှိ ခြုံနွယ်ပိတ်ပေါင်းများကို ရှင်းလင်းသုတ်သင်ခဲ့လေသည်။ ထိုသို့ ရှင်းလင်းသုတ်သင်ရာ သုဒဿနတောင်ပေါ်တွင် တည်ထားခဲ့သော မူလ ရွှေဆံတော်စေတီကို ရှာဖွေတွေ့ရှိသည်။ ထိုအခါ သားတော်ရဟန္တာမြတ် (၂)ပါးတို့က စေတီ၏ တတိယဌာပနာတိုက်ရှိ ရတနာညောင်းစောင်း (၂) ပေါ်တွင်ရှိ ရတနာပလ္လင်တစ်ခုစီအပေါ်၌ ရတနာကြုတ် (၈)ထပ်နှင့်တကွ မြတ်စွာဘုရား၏ ဆံတော်မြတ် (၂)ဆူစီ ကိန်းဝပ်စံပယ်တော်မူနေသည့် ရတနာပလ္လင်တော် (၂)ခုကို တန်ခိုးတော်ဖြင့်ပင့်၍ ခမည်းတော် ဒွတ္တဘောင်မင်းကြီးအား မြတ်စွာဘုရားရှင်၏ ဆံတော် (၄)ဆူကို ဖူးမြော်စေပါသည်။ ဒွတ္တဘောင်မင်းကြီးနှင့်တကွ မှူးမတ်များ နန်းတွင်းသူနန်းတွင်းသားများ ရဟန်းရှင်လူပြည်သူအများ ဆံတော်(၄)ဆူကို ဖူးတွေ့ခွင့်ရသည့် နေ့ထူးနေ့မြတ်မှာ သာသနာတော်နှစ် ၁၂၆ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့ဖြစ်ပါသည်။ ဤသို့ဖြင့် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ဒုတိယမြောက် ဘုရားဒယကာ ပျူခေတ်သရေခေတ္တရာပြည့်ရှင် ဒွတ္တဘောင်မင်းကြီးသည် မြတ်စွာဘုရား၏ ဆံတော် (၄)ဆူကို မိမိနှင့်တကွသော ရဟန်းရှင် လူပြည်သူအများ ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် ဖူးမြော်ခွင့်ရသည့် တန်ဆောင်မုန်းလပြည့်နေ့ကို နေ့ထူး နေ့မြတ်အဖြစ် သတ်မှတ်ကာ နှစ်စဉ်တန်ဆောင်မုန်းလတွင် ဗုဒ္ဓပူဇနိယပွဲ ကျင်းပသည့် အစဉ်အလာအဖြစ်ပေါ်လာခဲ့ပါသည်။ (၃) ဒွတ္တဘောင်မင်းကြီးသည်လည်း တည်ထားကိုးကွယ်ခဲ့သော ရွှေဆံတော် စေတီတော်မြတ်ကြီးသည် ပုဂံခေတ်၌လည်း သုဒဿနတောင်ပေါ်၌ အတင့်အတယ် ကြည်ညိုဖွယ် စံပယ်ခဲ့ပါသည်။ ပုဂံခေတ်တွင် ရွှေဆံတော်စေတီတော်သို့ ရောက်လာသော မင်းများတွင် ကျန်စစ်သားမင်းလည်း ပါ၏။ ကျန်စစ်သားမင်းက သက္ကရာဇ်-၄၄၅ (အေဒီ ၁၀၀၃) ခုနှစ်တွင် မွန်ဘာသာဖြင့် ကျောက်စာရေးထိုးခဲ့ပါသည်။ ထိုကျောက်စာသည် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ တနင်္ဂနွေထောင့် အလယ်ပစ္စယံတွင်ရှိပါသည်။ ကျောက်စာပါ အချက်များအရ ပုဂံခေတ်တွင် ရွှေဆံတော်စေတီတော်မြတ်ကြီးကို အခြားမင်းတစ်ပါးက ဖျက်ဆီးသဖြင့် ကျန်စစ်သားမင်းက အသစ်ပြန်လည်ပြုပြင်ထားကြောင်းနှင့် ဓမ္မသောကမင်း၏ ကောင်းမှုတော်များကိုလည်း ပြုပြင်ကြောင်းသိရလေသည်။ အင်းဝခေတ် သက္ကရာဇ် ၉၁၃- ခုနှစ်တွင် ပြည်မြို့၌ မီးအကြီးအကျယ်လောင်လေရာ ရွှေဆံတော် စေတီရင်ပြင်မှ တန်ဆောင်းကြီးများ၊ ဇရပ်ကြီးများသည်လည်း မီးဘေးသင့်ခံရလေသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီးအား ကြည်ညိုလှသည့် ဘုရင့်နောင် (ဟံသာဝတီဆင်ဖြူရှင်) မင်းတရားကြီးသည် မီးဘေးသင့်ခံရသည့် ဖြစ်အင်ကို မြင်ရလေသောအခါ များစွာ စိတ်မချမ်းမသာဖြစ်၍ ကြီးကျယ်ခမ်းနားသော ဇရပ်၊တန်ဆောင်းများကို ဆောက်လုပ် လှူဒါန်းခဲ့သည်ဟု သမိုင်းမှတ်တမ်းများ ဆိုပါသည်။ အင်းဝစာဆိုကျော် ရှင်မဟာရဋ္ဌသာရ (၈၃၀-၈၉၂) သည် အင်းဝပျက်လေသောအခါ ပြည်ဘုရင်သတိုးမင်းစောက ပင့်ဆောင်လာသဖြင့် ပြည်သို့ ရောက်ခဲ့လေသည်။ စာဆိုကျော်ရှင်မဟာရဋ္ဌသာရ ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် စပ်လျဉ်း၍- “ဌာနေတော်၍၊ ရွှေလှော်ရည်စင်၊ ရည်ရှင်ထွန်းရောင်၊ ဝင်းဝင်းပြောင်သား၊ ထက်ခေါင်ဖိနပ်၊ လုံးရပ်ခပင်း၊ မကြွင်းပတ်ကုံး၊ ဖောင်းလုံးချရားသီး၊ ရွှေတိပြီးသား၊ ရွှေထီးကိုးဆင့်၊ ရောင်လျှံမြင့်နှင့်၊ စွင့်စွင့်ဝန်းကျင်၊ ဝေးနီးမြင်သည်၊ ဆံရှင်ဘုရား၊ ထိုသည်ကားဟု၊ အများလူရှင်၊ ကြည်လင်ကော်ရော်၊ ညွတ်ပူဇော်သည်”ဟု စပ်ဆိုခဲ့ပါသည်။ အင်းဝစာဆိုကျော်ရှင် မဟာရဋ္ဌသာရ၏ ထိုရတု၌ “ရွှေထီးကိုးဆင့်၊ ရောင်လျှံမြင်နှင့် “ဟု စပ်ဆိုထားရာ ထိုခေတ် ထိုအခါက လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော်သည် ယခု ဖူးတွေ့ရသော ထီးတော်ကဲ့သို့ မဟုတ်ဘဲ ဘုံကိုးဆင့်ရှိသော ထီးတော် ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ တစ်ဖန် ပြည်မြို့တွင် ဖွားရာဇာတိဖြစ်သော စာဆိုရှင် ပြည်ဝဒေးကြီး (၈၆၀ ခန့် - ၉၅ဝ ခန့်) ကလည်း လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် စပ်လျဉ်း၍ “ခေတ္တပြည်သာ၊ အောင်မြေချာ၌၊ လက်ယာရစ်သန်း၊ တောင်ထိပ်စွန်းထက်၊ တသန်းလျှံညီး၊ ကိုးစင်ထီးနှင့်၊ ဝေးနီးကြားထင်၊ မြတ်ဆံရှင်ဝယ်”ဟု စပ်ဆိုခဲ့ပါသည်။ ထိုရတုကို ထောက်၍ စာဆိုရှင်နဝဒေးကြီးတို့ ခေတ်အခါကလည်း လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ထီးတော်သည် ယခု ဖူးတွေ့နေရသော ထီးတော်ကဲ့သို့မဟုတ်ဘဲ ဘုံကိုးဆင့်ရှိသော ထီးတော်ဖြစ်သည်ဟု ဆိုရမည်ဖြစ်ပါသည်။ ဤတွင် အကြောင်းတိုက်ဆိုင်နေသဖြင့် စာဆိုရှင်နဝဒေးကြီး၏ ပြည်ဆုတောင်းပြည့်ဘုရားတိုင်ရတုလာ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးနှင့် စပ်လျဉ်းသော သိမှတ်ဖွယ်အချက်အချို့ကို တင်ပြပါဦးမည်။ “ပြည်-ဆုတောင်းပြည့်ဘုရားတိုင်ရတု” စာဆိုရှင် နဝဒေးကြီးက အောက်ပါအတိုင်း စပ်ဆိုခဲ့ပါသည်။ “မိုးနှင်သာလျှင်၊ ထွန်းဝါပြိုးပြက်၊ ရောင်ချင်းယှက်မျှ၊ တောင်ထက်တောင်မြတ်၊ တောင်ကျောက်ထွတ်၌၊ လူနတ်များရှင်၊ မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တဘောင်ဟု၊ ပြည်ထောင်များနတ်၊ တည်ခဲ့မှတ်သည်၊ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသာ၊ ရွှေထီးရွှေတိုင်၊ ရွှေခိုင်တခဲ၊ လိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊ ကျွန်းလုံးကျော်သည်၊ မည်တော်ဆုတောင်းပြည့်တကား။” ကို “တောင်ထက်တောင်မြတ်၊ တောင်ကျော်ထွက်”ဟု ဆိုထားသဖြင့် ထိုရတု၌ စာဆိုရှင်နဝဒေးကြီးက လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီး ကိန်းဝပ်စံပယ်သော သုဒဿနတောင်တော်ကြီးသည် သာမန်တောင်မဟုတ်ဘဲ တောင်ထွတ်တောင်မြတ်ဖြစ်သည်ဟု သိရပါသည်။ ထို့ပြင် “မြသိတင်နှင့်၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်”ဟူသော အဖွဲ့ကိုထောက်၍ စာဆိုရှင် နဝကြီးတို့ခေတ်အခါက လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးကို “မြသိတင်”ဟူသော ဘွဲ့အမည်ဖြင့် ခေါ်ဆိုခဲ့ကြောင်းသိရပါသည်။ သက္ကရာဇ် ၁၁၁၆- ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၃) ရက်နေ့တွင် အလောင်းမင်းတရားကြီးသည် မွန်တို့၏ လက်အောက်သို့ ကျရောက်နေသော ပြည်မြို့ကို တိုက်ခိုက် အောင်မြင်ခဲ့ပါသည်။ အလောင်းမင်းတရားကြီးသည် ပြည်မြို့ကို အောင်မြင်လေလျှင် သားတော်၊ ညီတော်၊ ဆွေတော်မျိုးတော်၊ မှူးတော်မတ်တော်တို့ ခြံရံလျက် သုဒဿနတောင်တော်ပေါ်သို့ တက်၍ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော် မြတ်ကြီးအား ရွှေပန်းခိုင်ငွေပန်းခိုင် စသော အထူးထူးသော ပူဇော်မှုတို့ဖြင့် ပူဇော်ခဲ့ပါသည်။ အလောင်းမင်းတရားကြီးသည် ထိုသို့ ပူဇော်ရုံမျှဖြင့် အားမရနိုင်ဘဲ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ရွှေထီးတော် တင်လှူပူဇော်လိုပါသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မွန်မင်းတို့ တင်လှူထားသော ရွှေထီးတော်ရှိပြီးဖြစ်နေသည်။ အလောင်းမင်းတရားကြီးသည် မွန်မင်းတို့ တင်လှူထားသော ရွှေထီးတော်ကို မဖယ်ရှားဘဲ မြန်မာရွှေထီးတော်ကို မွန်ထီးတော်နှင့် တစ်သားတည်း ပေါင်းစပ်တင်လှူခဲ့ရာ “မွန်မြန်မာထီးတော်”ဟူ၍ အမည်တွင်ခဲ့ပါသည်။ ဤသည်ကို အကြောင်းပြု၍ နောင်သောအခါ ပြည်ဒေသတစ်ဝိုက်၌ တည်ထားကိုးကွယ်သော စေတီပုထိုးတို့တွင် မွန်မြန်မာထီးတော်ကဲ့သို့ ထီးနှစ်ဆင့် တင်လှူသော အစဉ်အလာဖြစ်ပေါ်လာခဲ့ပါသည်။ ကောဇာသက္ကရာဇ် ၁၁၇၆-ခုနှစ်၊ ဘိုးတော်ဘုရား၏ သားတော်ပြည်စားရှင် လက်ထက်တွင် အလောင်းမင်းတရားကြီး တင်လှူခဲ့သော ရွှေထီးတော်ကြီးသည် နှစ်ပေါင်း(၆၀)မျှ ကြာညောင်းခဲ့သဖြင့် ဟောင်းနွမ်းပျက်စီးခြင်း အဖြစ်သို့ ရောက်ရှိလာသည်။ ထိုသို့ ပျက်စီးလာခဲ့သော် လည်း ဘုန်းတန်ခိုးကြီးသော အလောင်းမင်းတရားကြီးတင်လှူခဲ့သော ထီးတော်ဖြစ်နေ၍ အသစ်လဲလှယ်ခြင်း ပြုရန်မဝံ့ခဲ့ကြပေ။ ထို့ကြောင့် မြို့သူကြီး၊ မြို့စားတို့ ဆွေးနွေးတိုင်ပင်၍ ထီးတော် အဟောင်းကိုပင် ပြုပြင်မွမ်းမံပြီး ထိုနှစ်တပေါင်းလဆန်း (၃) ရက်နေ့တွင် ပြည်စားရှင်ကိုယ်တိုင် တင်လှူပူဇော်ခဲ့ပါသည်။ သက္ကရာဇ် (၁၂ဝဝ)ခုနှစ် တန်ခူးလဆန်း (၂)ရက်နေ့ ညဉ့်တစ်ချက်တီးကျော်အချိန်တွင် ပြည်မြို့၌ ပြင်းထန်သော ငလျင်ကြီးလှုပ်ရာ ရွှေဆံတော်စေတီတော်၏ ငှက်မြက်နားတော်သည် သံ တိုင်ပါ ကျိုးပြတ်၍ စေတီတော်၏ ပစ္စယာပေါ်သို့ ကျရောက်လေသည်။ ထိုငလျင်ကား ပြည်မြို့တွင် ပထမအကြိမ်လှုပ်သော ငလျင်ဖြစ်သည်။ ထိုသို့ ပျက်စီးချို့ယွင်းသွားသော စေတီတော်ကြီးကို ရွှေတိုက်ဝန်မြို့သူကြီး၊ အခွန်ဝန်၊ စစ်ကဲစစ်ရေးကြီးစသော ပုဂ္ဂိုလ်တို့ ညှိနှိုင်းတိုင်ပင်ပြုပြင်၍ ထီးတော်ကိုလည်း ရှေးနည်းတူ ထီးတော်ဟောင်းကိုပင် ပြုပြင်မွမ်းမံ၍ ပြန်လည်တင်လှူခဲ့ကြသည်။ သက္ကရာဇ် (၁၂၂ဝ) ခုနှစ် ဝါခေါင်လပြည့် အင်္ဂါနေ့၊ ညနေ(၃)ချက်တီးအချိန် ပြည်မြို့ကို ဗြိတိသျှတို့ သိမ်းပိုက်ပြီး (၈) နှစ်မျှကြာသေးသော ကိုလိုနီခေတ်ဦးကာလတွင် ပြည်မြို့၌ ဒုတိယအကြိမ် ငလျင်လှုပ်ပြန်သည်။ လွန်စွာ ပြင်းထန်သော ငလျင်ကြီး ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများက ဆိုပါသည်။ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အပေါ်ပိုင်းတစ်ခုလုံး ဖရိုဖရဲပြိုကျပျက်စီးသွားပါသည်။ ပြည်သူအများ နှလုံးစိတ်ဝမ်းမချမ်းမသာ ဖြစ်ကြရသည်။ ထိုအချိန်တွင် အာဇာနည်ပုဂ္ဂိုလ်ကြီးတစ်ဦး ပေါ်ပေါက်လာခဲ့သည်။ ထိုပုဂ္ဂိုလ်မှာ မြန်အောင် ဇာတိပြည်မြို့ ပဝတ္တိကုန်သည်ကြီး ဦးသာရွဲဖြစ်သည်။ ဦးသာရွဲသည် ရှေးဦးစွာ မိသားစုနှင့် တိုင်ပင်ညှိနှိုင်းသည်။ ထို့နောက် မြို့သူမြို့သားများနှင့်တိုင်ပင် ညှိနှိုင်းသည်။ အားလုံးက အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြ တတ်စွမ်းသမျှ လှူဒါန်းကြမည်ဖြစ်ကြောင်း သဘော ဦးသာရွဲသည် ပြည်မြို့ အစိုးရထံ အမိန့်ခံသည်။ ပဉ္စလ ဆရာ တော်ကြီးထံ သြဝါဒခံယူသည်။ ထိုသို့ သြဝါဒခံယူပြီးနောက် ထိုနှစ် နတ်တော်လဆန်း (၅) ရက်နေ့မှစ၍ စေတီတော်ကြီးပြုပြင်ရေးကို စတင်ကြိုးပမ်းဆောင်ရွက်သည်။ ထို့နောက် ဦးသာရွဲသည် အလောင်းမင်းတရားကြီး တင်လှူခဲ့သော မွန်မြန်မာထီးတော်ကြီးကို အသစ်တစ်ဖန် ပြန်လည်ပြုပြင်မည့် အကြောင်းကို အလောင်းမင်းတရားကြီး၏ အနွယ်အဆက်ဖြစ် သော မင်းတုန်းမင်းတရားကြီးထံသို့ သွားရောက်လျှောက်ထားသည်။ မင်းတုန်းမင်းတရားကြီးသည် ဦးသာရွဲ၏ လျှောက်တင်ချက်ကို နှစ်သက် ဝမ်းမြောက်တော်မူသဖြင့် ထီးတော်ကြီး အသစ်တစ်ဖန် ပြန်လည်ပြုပြင်ရေးအတွက် အလှူတော်ငွေ ကျပ်-၂၀၀၀ဝိ/- (ကျပ်နှစ်သောင်းတိတိ)ကို လှူဒါန်းတော်မူလိုက်သည်။ မင်းတုန်းမင်းကြီးထံမှ ပြန်ရောက်ပြီးနောက် ဦးသာရွဲသည် စေတီတော်ကြီးပြုပြင်မွမ်းမံမှုကို အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ရာ ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် (၉) ရက်နေ့တွင် ရွှေထီးတော် တင်လှူနိုင်ခဲ့လေသည်။ မှတ်သားဖွယ်အချက်မှာ ဦးသာရွဲသည် စေတီတော်ကြီး ပြုပြင်မွမ်းမံရာတွင် မူလ စေတီရင်းထက် ဖောင်းတစ်ရစ်ကြာ နှစ်ဆင့်တို့၌ တည်ထားသည်။ ဉာဏ်တော် (၇၆) တောင်မြင့်တော် မူသည်ဟူသော အချက်ဖြစ်ပါသည်။ မြန်မာသက္ကရာဇ် ၁၂၇၇ သို့ ရောက်သောအခါ ဘုရားဒါယကာကြီး ဦးသာရွဲတို့ တင်လှူခဲ့သော မွန်-မြန်မာ ထီးတော်ကြီးသည် နှစ်ကာလကြာခဲ့ပြီဖြစ်ရာ ဟောင်းနွမ်းယိုယွင်းလာခဲ့သည်။ ထို့ကြောင့် ရွှေဆံတော်စေတီတော်မြတ်ကြီး ဘဏ္ဍာတော်ထိန်းလူကြီးများသည် ထီးတော်အသစ် လဲလှယ်တင်ရန်အတွက် ထီးတော်ကြီးကို မြေပြင်သို့ ပင့်ဆောင်ကြလေသည်။ ထိုအခါ ပြည်မြို့ပေါ်ရှိ ရပ်ကွက်တစ်ခုဖြစ်သည့် ရွာဘဲရပ်ကွက်က ထီးတော် (၂)စင်းစလုံးကို သူတို့ရပ်ကွက်က အသစ်ပြလုပ်လှူဒါန်းလိုကြောင်း တင်ပြလာသည်။ ထို့အတူ ပွဲစားတန်းက ရပ်ကွက်ကလည်း ထီးတော် (၂)စင်းလုံးကို သူတို့ရပ်ကွက်က အသစ်ပြုလုပ်လှူဒါန်းလိုကြောင်း တင်ပြလာသည်။ ထိုအခါ စက်ရှင်တရားသူကြီး ဘဏ္ဍာတော်ထိန်းအဖွဲ့လူကြီးတို့သည် ရပ်ကွက် (၂)ခုစလုံးကို ကုသိုလ်ထူးကို ရကြစေရန် “မွန်ထီး” “မြန်မာထီး”ဟူသော မဲလိပ် (၂) လိပ်ကို ငွေဖလားတွင် ထည့်ပြီး မဲနှိုက်စေပါသည်။ ထိုအခါ ပွဲစားတန်းရပ်ကွက်က “မွန်ထီးတော်ကြီး”ကိုလည်းကောင်း၊ ရွာဘဲရပ်ကွက်က “မြန်မာထီးတော်ကြီး”ကိုလည်းကောင်း အသစ် ပြုလုပ်တင်လှူခွင့်ရကြလေသည်။ ရပ်ကွက် (၂) ခုသည် သဒ္ဓါထက်သန်စွာ ထီးတော်ကြီးများကို အသစ်ပြုလုပ်ကြပြီး မြို့တွင်းသို့ လှည့်လည်အပူဇော်ခံကာ မွန်ထီးတော်ကြီးကို ၁၂၇၇-ခုနှစ် တန်ဆောင်မုန်းလဆန်း (၁၃) ရက်နေ့တွင်လည်းကောင်း၊ မြန်မာထီးတော်ကို ထိုနှစ်တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့တွင်လည်းကောင်း တင်လှူပူဇော်ခဲ့ကြပါသည်။ ထိုသို့ တင်လှူခဲ့ရာ မွန်-မြန်မာတီးတော်ကြီးသည် ခရစ်နှစ်(၂၀၀၂) ခုနှစ် ဧပြီလ (၁၃) ရက် ညနေ (၄း၁၅) နာရီအချိန်တွင် စနေထောင့်မှ တိုက်ခတ်လာသည့် လေပြင်းဒဏ်ကြောင့် ထီးတော်ဂွေများ၊ ထောင့်ကိုင်များ ကွေးညွတ်ခြင်း၊ တိမ်းစောင်းခြင်း၊ မူလီများပြုတ်ထွက်ခြင်း၊ ထီးတော်ဂွေများ ကျိုးပဲ့ခြင်းများ ဖြစ်ပေါ်ခဲ့ရာ ထီးတော်ကြီးကို အသစ် လဲလှယ်တင်လှူရသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။ ဂေါပကအဖွဲ့သည် ထီးတော်ကြီးအား အသစ်လဲလှယ်ပူဇော်ရန် သြဝါဒဆရာတော်ကြီး (၉)ပါးထံ တင်ပြလျှောက်ထား၍ သြ၀ါဒခံယူပြီး သက်ဆိုင်ရာများသို့ တင်ပြခဲ့ကြပါသည်။ ထို့နောက် ရွှေထီးတော်သစ် တင်လှူရာတွင် အများပြည်သူတို့ ကုသိုလ် ပါဝင်နိုင်ကြစေရန် နေ့စဉ်ထုတ် သတင်းစာများ၌ နှိုးဆော်စာများ ထည့်သွင်းဖော်ခဲ့ပါသည်။ (၁.၉.၂၀၀၂) ရက်နေ့ထုတ်ကြေးမုံသတင်းစာ၌ “သဗ္ဗညုဘုရားရှင်ကိုယ်တော်တိုင် ချီးမြှင့်တော်မူခဲ့သော ဗုဒ္ဓဆံတော် (၄) ဆူ၊ မွေရှင်တော် (၈) ဆူတို့ကို ဌာပနာ၍ မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပေါင်းလဆန်း (၁၃) ရက်နေ့တွင် အဇ္ဇိက၊ ဘလ္လိကကုန်သည် ညီနောင်တို့ ဦးဆောင်၍ တည်ထားကိုးကွယ်ခဲ့သော ပြည်မြို့ရွှေဆံတော်စေတီတော်မြတ်ကြီးသည် ဉာဏ်တော် (၁၂၆) ပေရှိခဲ့ပြီး၊ စေတီတော် သက်တမ်းမှာလည်း နှစ်ပေါင်း (၂၆၀၀) ခန့်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ စေတီတော်မြတ်ကြီးတွင် ရွှေထီးတော် အသစ်တင်လှူနှစ်ပေါင်းရာကျော်ချီ၍ အဓွန့်ရှည်စွာ တည်တံ့ခိုင်မြဲစေရန် အသစ်တစ်ဖန် တင်လှူမည့် ရွှေထီးတော်ကြီးကို ချေးမတက်သော သံမဏိ (Stainless Steel) တို့ကိုအမာခံပြုလုပ်၍ ကြေးပြားကွပ်ပြီး ရွှေမျက်ပါးခတ်၊ ရွှေစစ်ရွှေပြား ကပ်လှူထားသော ကြေးပန်းတဉ်းတို့ဖြင့် ခြယ်လှယ်မွမ်းမံကာ အသစ်တစ်ဖန် တင်လှူနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ပါရမီရှင်များ၊ ကုသိုလ်ရှင်များသည်- သံချေးမတက်သော သံမဏိ (Stainless Steel) ပန်းလည်တိုင် အသစ်ပြုလုပ်ခြင်းအတွက် ငွေကျပ် (၃၅) သိန်း၊ ထီးတော်အမာခံထောက် ပြုလုပ်ခြင်းအတွက် ငွေကျပ် (၂ဝ)သိန်း၊ စိန်ဖူးတော်ပြန်လည်ပြုပြင်ခြင်းအတွက် ငွေကျပ် (၁၀)သိန်း။ ရွှေတိဂုံထီးတော်ပုံစံအတိုင်း ပထမဘုံအတွက် ငွေကျပ် (၂ဝ) သိန်း၊ ဒုတိယဘုံအတွက် ငွေကျပ် (၁၈) သိန်း၊ တတိယဘုံအတွက် ငွေကျပ် (၁၆) သိန်း၊ စတုတ္ထဘုံအတွက် ငွေကျပ် (၁၄) သိန်း၊ ပဉ္စမဘုံအတွက် ငွေကျပ် (၁၂) သိန်း၊ ဆဋ္ဌမဘုံအတွက် ငွေကျပ် (၁၀) သိန်း၊ သတ္တမဘုံအတွက် ငွေကျပ် (၈) သိန်း၊ အလယ်ပန်းအိုးအတွက် ငွေကျပ် (၃၀)သိန်း၊ မွန်ထီးတော်ပထမဘုံအတွက် ကျပ်(၄၅)သိန်း၊ ဒုတိယဘုံအတွက် ငွေကျပ် (၃၅) သိန်း၊ တတိယဘုံအတွက် ငွေကျပ်(၃၀)သိန်း လှူဒါန်းနိုင်ပါကြောင်း ဖော်ပြပါရှိပါသည်။ နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အတိုင်း ပြည်မြို့ လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် မွန်မြန်မာထီးတော်သစ်ကြီး ထာဝရတည်တံ့ခိုင်မြဲစေရန် သံမဏိပန်းလည်တိုင်နှင့် မွန်မြန်မာထီးတော်သစ်၏ အခိုင်အမာရိုးခံ၊ အမာခံသံပေါင်၊ သံတန်းများ သံချေးမတက်နိုင်သော .သံမဏိအကောင်းစားများဖြင့် ပြုလုပ်ပါသည်။ မွန်မြန်မာထီးတော်သစ်ကို မြန်မာသင်္ဘောကျင်းလုပ်ငန်း (ဆင်မလိုက်)မှ ခေတ်မီ စက်ကိရိယာများဖြင့် လုပ်ဆောင်ပါသည်။ ထို့ပြင် စေတီတော်မြတ်ကြီးတွင် တင်လှူထားသော ပန်လည်တိုင်သည် ခရစ်နှစ် (၁၈၅၉) နှစ်က တင်လှူထားသော ပန်းတိုင်ဖြစ်သည်။ ရိုးရိုးသံမဏိ (၂.၅ လက်မ) သံလုံးဖြစ်သည်။ ထိုပန်းလည်တိုင်သည် ကာလကြာညောင်းခဲ့ပြီဖြစ်သဖြင့် သံချေးကွက်အစွန်းအပြောက်များ ရှိနေပါသည်။ သို့ဖြစ်ရာ ပန်းလည်တိုင်ကိုလည်း အသစ်လဲလှယ်ရန် လိုအပ်လာပါသည်။ ပန်းလည်တိုင် အသစ်ကိုလည်း မြန်မာ့သင်္ဘောကျင်း (ဆင်မလိုက်)စက်ရုံမှပင် လုပ်ဆောင်ပေးပါသည်။ အသစ်ပြုလုပ်သော ပန်းလည်တိုင်သည် လုံးပတ် (၁.၅လက်မ)၊ အရှည် (၁၇) ပေ ရှိပါသည်။ သံချေးမတက်သော သံမဏိဖြင့် ပြုလုပ်ထားပါသည်။ ပန်းလည်တိုင် ပြောင်းလဲစိုက်ထူရန်အတွက် ပန်းလည်တိုင်အဟောင်းကို ငှက်ပျောဖူးထိပ်တစ်ပေခွဲ (၁ ပေ၊ ၆လက်မ) အကွာမှ ဖြတ်တောက်ပါသည်။ ပန်းလည်တိုင် အဟောင်းငုတ် မျက်နှာပြင်ပေါ်တွင် သက္ကလက်သည် အပိုင်းအစကို တင်ထားပြီးမှ အဟောင်းနှင့် အသစ် အသံမမြည်အောင် ဆက်၍ ပန်းလည်တိုင် နှစ်ခုဆက်သည့် နေရာတွင် အလျား(၃)ပေရှိ “မတ်ကော်ပလင်”ဖြင့် ညှပ်ပြီး “မတ်ကော်ပလင်” တစ်ဖက်တစ်ချက်စီတွင် မူလီ (၈) ချောင်းစီဖြင့် ခိုင်ခံ့သေချာစွာ မူလီစုပ်ပါသည်။ ပန်းလည်တိုင်အသစ်ကို မြန်မာသက္ကရာဇ် (၁၃၆၄ ခုနှစ်) သီတင်းကျွတ်လဆန်း (၅) ရက်၊ (၁၁.၁၀ ၂ဝဝ၂) နေ့တွင် အခမ်းအနားဖြင့် တင်လှူခဲ့ပါသည်။ မြန်မာသက္ကရာဇ် ၁၃၆၄-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၁၀)ရက် (၁၇.၁၀.၂၀၀၂) ရက်နေ့တွင် ရွှေတိဂုံစေတီ ထီးတော်ပုံတူ မြန်မာရွှေထီးတော်သစ်ကို တင်လှူခဲ့ပြီး စိန်ဖူးတော်၊ ငှက်မြက်နား တော်နှင့် ရွှေခေါင်းလောင်းတော်တို့ကိုလည်း အခမ်းအနားဖြင့် တင်လှူပူဇော်ခဲ့ပါသည်။ ထို့ပြင် စေတီတော်မြတ်ကြီး၏ ဉာဏ်တော်အမြင့်ကို ခေတ်မီစက်ကိရိယာများဖြင့် တိုင်းတာခဲ့ပါသည်။ (၃၁.၈.၂ဝဝ၂) ရက်နေ့က သိပ္ပံနှင့်နည်းပညာဝန်ကြီးကိုယ်တိုင် ဦးဆောင်၍ (Digital Theodolite 100 နှင့် AutoLevel.A.T.D,4) စက်ကိရိယာတို့ဖြင့် မြောက်စောင်းတန်းလမ်း (မျိုးသုခအထူးကုဆေးခန်း)ရှေ့တွင် နေရာယူ၍ မြောက်စောင်းတန်းလမ်း တစ်လျှောက်မှ စေတီတော်ရင်ပြင်အထိ အဆင့်ဆင့် တိုင်းတာမှတ်တမ်းတင်ခဲ့ပါသည်။ စေတီတော်ရင်ပြင်တော်ပေါ် တနင်္လာဂြိုဟ်စင် လက်ဝဲဘက်အနီး ရည်ညွန်းအမှတ် (Point) ကို ရှာဖွေသတ်မှတ်ခဲ့ပါသည်။ တနင်္လာဂြိုဟ်စင်အနီးတစ်ဝိုက်ရည်ညွှန်းအမှတ်
စေတီတော်မြတ်ကြီး တနင်္လာဂြိုဟ်စင် အနီး ရည်ညွှန်းအမှတ်မှ - ပန်းလည်တိုင်ထိပ်ဆုံးအထိ ဉာဏ်တော်အမြင့် (၁၂၆.၅၅၇) ပေ ရှိသည်။ ရည်ညွှန်းအမှတ်မှ ငှက်ပျောဖူးအထိ အမြင့် (၉၆.၄၄၈) ပေ ရှိသည်။ ထို့ပြင် စေတီတော်မြတ်ကြီးအား မိုးကြိုးခခြင်းမှ ကင်းဝေးစေရန် မိုးကြိုးလွှဲအပ်တပ်ဆင်ခဲ့ပါသည်။ မိုးကြိုးလွှဲတပ်ဆင်ခြင်းကို (၁.၁၀.၂၀၁၂) ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပါသည်။ ထိုသို့ မိုးကြိုးလွှဲအပ်တပ်ဆင်ရာတွင် အဓိကလုပ်ငန်းဖြစ်သည့် မြေစိုက်ကြိုး၊ ကြေးနန်းကြိုးများ၊ မြေတွင်းစိုက်ထူနိုင်ရေးအတွက် စေတီတော်မြတ်ကြီး၏ မဟာရံတံတိုင်းအတွင်းပိုင်း (တနင်္ဂနွေထောင့်၊ အင်္ဂါထောင့်၊ စနေထောင့်၊ ရာဟုထောင့်တို့တွင် လက်ပုတ်တွင်း ပေ (၅ဝ) အနက်တူး၍ ၁ လက်မ၊ သွပ်ပိုက် (ဂျီအိုင်ပိုက်)ပေ ၅၀ အရှည်တွင် (SWG နံပါတ်-၂၊ ကြေးနန်းချောင်းကိုထည့်သွင်းပြီး ထောင့်လေးထောင့်တွင် စိုက်သွင်းခဲ့ပါသည်။ ထောင့် ၄ ထောင့်ရှိ မြေစိုက်ကြေးနန်းကြိုးမှ တစ်ဆင့် စေတီတော်မြတ်ကြီး၏ ပထမပစ္စယာမှစ၍ ငှက်ပျောဖူးတိုင် ကပ်လှူထားသည့် ကြေးများသင်္ကန်းများနှင့် ဆက်စပ်ပေးပါသည်။ မိုးကြိုးလွှဲတိုင်ကို စေတီတော်မြတ်ကြီးအထွတ်ရှိ မြန်မာရွှေထီးတော်ထိပ်ပိုင်းတွင် တပ်ဆင်ခဲ့ပါသည်။တပ်ဆင်ပြီးသော မိုးကြိုးလွှဲအား အင်ဂျင်နီယာများက ခေတ်မီစက်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးရာခုခံအား (ဝ.၈) အုမ်းသာ တွေ့ရှိရသဖြင့် စေတီတော်ကြီးသည် မိုးကြိုးအန္တရာယ်မှ ကင်းရှင်းသည်ဟု သိရှိရပါသည်။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း စေတနာရှင်၊ ပါရမီရှင်၊ ကုသိုလ်ရှင်တို့သည် လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်ကြီး ရွှေထီးတော်ကြီးကို တင်လှူပူဇော်ခဲ့ကြရာ မြန်မာသက္ကရာဇ် ၁၃၆၄-ခုနှစ် သီတင်းကျွတ်လပြည့်၊ ခရစ်နှစ် ၂ဝဝ၂ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့ (၉) နာရီအချိန်တွင် အောင်မြင်စွာတင်လှူနိုင်ခဲ့ကြပါသည်။ ရွှေထီးတော်ကြီးသည် ရှေးရိုးအစဉ်အလာသစ်စေးသရိုးခံ၊ မျက်ပါးရွှေဖြင့် ရွှေသင်္ကန်းကပ်လှူထားခြင်း မဟုတ်ဘဲ ရွှေစင်ရွှေသားကို ရွှေပြားခတ်၍ အမာခံကြေးပြားပေါ်တွင် ရွှေတို့ဖြင့် တေထားသော ထီးတော်ကြီးဖြစ်ပါသည်။ ရွှေထီးတော်ကြီးသည် ရွှေစင်ပိဿာချိန် (၁၅)ပိဿာ (၇၅)ကျပ်သား အလေးချိန်ရှိပါသည်။ လေးဆူဓာတ်ပျော် ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် မွန်မြန်မာရွှေထီးတော်သည် တင်လှူခြင်းနှင့် သံမဏိပန်းလည်တိုင်အသစ် စိုက်ထူလှူဒါန်းရခြင်းတို့အတွက် ထိုစဉ်က ကျပ်သိန်း(၅ဝဝဝိ/-)(ငါးထောင်) ကျော် ကုန်ကျခဲ့ပါသည်။ ယခုအခါ၌ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး သည် “တောင်ထက်တော်မြတ်၊ တောင်ကျော်ထွတ်”၏ဟု ဆိုအပ်သော သုဒဿနတောင်တော်ပေါ်၌ ရွှေတောင်ကြီးပမာ ရွှေရောင်ဝါဖြင့် ကြည်ညိုဖွယ်ရာ ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ (ဂေါပကအဖွဲ့)