သူတော်စင်အပေါင်း ယခု ဖူးတွေ့နေကြရသည့် စေတီတော် မြတ်ကြီးသည် ဘုရားသမိုင်းဝင် စေတီတော်ကြီး တစ်ဆူဖြစ်ပါသည်။ ဂေါတမ ဗုဒ္ဓမြတ်စွာ ဘုရား၏ ဆံတော်မြတ် (၄)ဆူ၊ အခြားမွေတော်၊ ဓာတ်တော် (၈) ဆူ၊ နိသိဒိုင်ဓမ္မခဏ်အခင်းတော်တို့နှင့် နောင်တော်ဘုရား (၃) ဆူ ဖြစ်တော်မူကြသော၊ ကကုသန်-ဂေါဏဂုံ-ကဿဖ ဘုရားရှင်တော်တို့၏ ဒုကုဋ်တော်-အံသကိုဋ် (သင်းပိုင်) တော်၊ ခါးပန်းတော်တို့ ဌာပနာထားခဲ့သည့် ဤသုဒဿနတောင်တော် မြတ်ကြီး၌ပင် ဗျာဒိတ်တော်မြတ်အရ၊ ဌာပနာ၍ မဟာသက္ကရာဇ် (၁၀၃) ခုနှစ်၊ တပေါင်းလဆန်း (၁၃) ရက်နေ့၌ အဇ္ဇိက-ဖလ္လိက ကုန်သည်ညီနောင်တို့နှင့် ဧရာပထနဂါးမင်း၊ သမ္ဘူလဘီလူးမင်း၊ သိကြားနတ်များ စတင်တည်ထားကြရာ ယင်းနှစ်တပေါင်းလပြည့်နေ့တွင် အောင်မြင်စွာ တည်ထားခဲ့ပြီး မူလက ဉာဏ်တော် (၇) တောင်၊ အလျား×အနံ (၁၄) တောင်ဖြင့် စပါးစုပုံသဏ္ဌာန် မြေစိုက် စေတီတော် ဖြစ်ခဲ့ပါသည်။
(၁)လေးဆူဓါတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ မွန်ထီးတော်နှင့်မြန်မာထီးတော်ဟူ၍ထီးတော်(၂)ဆင်းရှိပါသည် (၂)စေတီတော်မြတ်ကြီး၏ပထမဘုရားဒါယကာများ ဖြစ်ကြသောနဂါးမင်းနှင့်ဘီလူးမင်းတို့ ပုံတော်များပါသည့်ဖောင်တော်ဆိုက်စေတီတော်ရှိသည် (၃)စေတီတော်မြတ်ကြီး၏ပထမဘုရားဒါယကာဖြစ်သော ဧရာနဂါးမင်းကိုအမှတ်ပြုထားသောအားဖြင့်နဂါးစောင်းတန်းရှိသည် (၄)ပဌမံဘိုးဘိုးအောင် ထွက်ရာပေါက်မူလနေရာမှန်ရှိသည် (၅)ပဌမံဘိုးဘိုးအောင်တည်ထားသော ပတ္တမြားမျက်ရှင်(လက်ယှက်)ဘုရားရှိသည် (၆)စောင်းတန်းကြီး ငါးသွယ်ရှိသည် (၇)အတွင်းအောင်မြေ ကိုးဌာန၊အပြင်အောင်မြေကိုးဌာနရှိသည် (၈)ငွေ၊ကြေး၊ဓါတ်သတ္တုများနှင့်သွန်းလောင်းပြုလုပ်ထားသော ခေါင်းလောင်းကြီး(၆၃)လုံးရှိသည် (၉)သာယာကြည်နူးဖွယ်ကောင်းသော တောတောင်ရေမြေပတ်ဝန်းကျင်တို့ရှိပါသည်
ပုဂံပြည့်ရှင်ကျန်စစ်မင်းသားကြီးသည် သက္ကရာဇ်(၄၄၅)ခု၊ အေဒီ (၁၀၈၃)ခုနှစ် တွင် နဝဝသီပြည်မြို့သို့ ကြွရောက်လာပြီး ပြည် လေးဆူဓာတ်ပျော် ရွှေဆံတော် စေတီတော်မြတ်ကြီးကို စိတ်တိုင်းကျ ပြုပြင် တည်ဆောက် မွမ်းမံပြီး စေတီတော် သမိုင်းကြောင်းနှင့် သူ၏ဖြစ်စဉ်တော်များကို မွန်ဘာသာဖြင့် ကျောက်စာ ရေးထိုးပြီး စေတီတော်ကြီး၏ တနင်္ဂနွေထောင့် အလယ်ပစ္စယာတွင် ကိုယ်တော်တိုင် စိုက်ထူထားခဲ့သည်။ ကျန်စစ်သား မင်းကြီး ဆံတော်ရှင် စေတီတော် ကို စိတ်တိုင်းကျ ကိုယ်တိုင် ပြုပြင် တည်ဆောက် မွမ်းမံစဉ်ကပင် စေတီတော်မြတ်ကြီး ပလ္လင်တော် ရှေ့၊ လေးမျက်နှာ ပတ်လည် တွင် မဟာရံတံတိုင်း တည်ဆောက်ထားပြီး ယင်း မဟာတံတိုင်း အပြင်ဘက်၌ ကပ်လျက် အုတ်ပန်းအိုးကြီး (၄၅) လုံး တည်ဆောက် ထားပြီး ယင်းပန်းအိုးကြီး (၄၅)လုံးတွင် ကြာဖူးသဏ္ဍာန် ရွှေပန်းခိုင်ကြီး (၄၅)ခိုင်ပါ ထာဝစဉ် ကပ်လှူ ထားခဲ့ပေသည်။