စေတီတော်မြတ်ကြီးဂေါပကအဖွဲ့သည်နှစ်စဉ်ကဆုန်လပြည့်ညောင်ရေသွန်းပွဲအခမ်းအနားကိုနံနက်ပိုင်းတွင်ရင်ပြင်တော်ပေါ်ရှိကျားပျံဓမ္မာရုံတွင်ကဆုန်လပြည့်နေ့တိုင်းစည်ကားသိုက်မြိုက်စွာကျင်းပမြဲဖြစ်ပါသည်။ ဂေါပကအဖွဲ့ဩဝါဒါစရိယ၊ဇောတိကာရုံပါဋိတက္ကသိုလ်ကျောင်းတိုက် ဦးစီးပဓါနနာယက၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တကုဏ္ဍလဇောဘိ ဆရာတော်ဘုရားကြီးကသီလချီးမြှင့်ပေးမြဲဖြစ်သလို ကဆုန်ညောင်ရေသွန်းလောင်းပွဲတော်ကျင်းပရခြင်းအကြောင်းသိကောင်းစရာများဟောကြားတော်မူခြင်းနှင့်ကုသိုလ်ကောင်းမှုအစုစုအတွက်ရေစက်ချတရားတော်များချီးမြှင့်တော်မူပါသည်။ ထို့နောက် အခမ်းအနားကျင်းပရာ ရင်ပြင်တော်ပေါ်ရှိ ကျားပျံ ဓမ္မာရုံမှ ညောင်ရေသွန်းလောင်းမည့်မဟာဗောဓိညောင်ပင်သို့ ရှေ့ဆုံးမှ ငွေပန်းဖလား၊ ထို့နောက်၌ ငွေခရုနှင့် အောင်စည်အောင်မောင်းအဖွဲ့၊ ထို့နောက်မှ သာသနာအလံ(၁၀)လက် ထို့နောက်မှထီးဖြူမိုးပင့်ဆောင်လာသည့် ဩဝါဒါစရိယဆရာတော်ကြီး(၉)ပါး၊ ဦးဆောင်ကြွချီ၍ ဒေသဆိုင်ရာအာဏာပိုင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ဝေယျာဝစ္စအဖွဲ့ဝင်များ စီတန်းလိုက်ပါကြပြီး ဦးစွာဆရာတော်ကြီးများကနေ့နံအလိုက်မဟာဗောဓိညောင်ပင်အုတ်ပလ္လင်တွင်နေရာယူကြပြီး ဆရာတော်ကြီးများကစတင်ကာညောင်ရေသွန်းလောင်းကြကာညောင်ရေသွန်းပွဲကိုဖွင့်လှစ်ပေးပါသည်။ ကဆုန်လပြည့်နေ့ညနေချမ်းအချိန်တွင် မြို့ရပ်ကွက်ကျေးရွာ အသီးသီးမှ ပြည်သူများ၊ အဖွဲ့အစည်းများက ငွေပဒေသာပင်များ၊ ညောင်ရေသွန်းလောင်းမည့် ညောင်ရေအိုးများကို အမျိုးသမီးများက သူ့အစုအဖွဲ့နှင့်သူ ရေအိုးများကိုရွက်၍၎င်း၊ အမျိုးသားများကအတီးအမှုတ် အကအခုန်များနှင့်ကခုန်ကာမဟာဗောဓိညောင်ပင်ကို ပျော်ရွှင်ကြည်နူးစွာဖြင့် ညောင်ရေသွန်း လောင်းကြပါသည်။ကဆုန်ညောင်ရေသွန်းပွဲကို မဟာဗောဓိဝေယျာဝစ္စာအဖွဲ့ က အဓိကကုသိုလ် ယူဆောင်ရွက်ကြပါသည်။
အသံမစဲမဟာဗုဒ္ဓဝင်တော် ရွတ်ဖတ်ပူဇော်ပွဲသည်လည်း ဂေါပကအဖွဲ့၏ အစဉ်အလာမပျက် နှစ်စဉ်ကျင်းပမြဲဖြစ်သည်။ မဟာဗုဒ္ဓဝင်တော် ရွတ်ဖတ်ပူဇော်ရခြင်း၏ ရည်ရွယ်ချက်မှာ ဗုဒ္ဓဘာသာဝင် ပြည်သူအပေါင်း ၊အရွယ်မရွေး ဗုဒ္ဓရှင်တော် မြတ်ဘုရား၏ ဖြစ်စဉ်တော်ကို သေချာကျန၊ကြားနာသိရှိ၊ ကြည်ညိုနိုင်စေရန်၊ နှစ်စဉ် ကဆုန်လပြည့်ကျေ ာ်နေ့ရက်များတွင် (၅)နေ့ (၅)ညတိုင်တိုင် စေတီတော်ကြီး ရင်ပြင်ပေါ်ရှိ ကျားပျံဓမ္မာရုံတွင် ဩဝါဒါစရိယ ဆရာတော်ကြီး(၉)ပါး ဦးဆောင်၍ ဘာဏာက သံဃာတော် (၆၀)ပါးတို့က ဗုဒ္ဓဘုရားရှင်ဖြစ်စဉ်တော်၊ မဟာဗုဒ္ဓဝင် ကျမ်းတော်မြတ်ကို အသံမစဲရွတ်ဖတ် ပူဇော်ကြမြဲ ဖြစ်ပါသည်။