<< ရှေ့သို့


အတွင်းအောင်မြေများအားရွေးချယ်ကြည်ရှု့ရန်


*အတွင်းအောင်မြေ(၉)ဌာနကို စေတီတော်မြတ်ကြီး တနင်္ဂနွေထောင့်မှစ၍ လက်ယာရစ်အစဉ်အတိုင်း သတ်မှတ် ဖော်ပြထားပါသည်။














ပထမအောင်မြေ


အောင်မြေဌာန-ပထမအာဒိဆုတောင်းပတ္တနာအောင်မြေ(စက်ဦးစေတီ)
တည်ရှိရာနေရာစက်ဦးစေတီ၊ တနင်္ဂနွေထောင့် ပြတိုက်နှင့် ဗျာဒိတ် ဘုရား အကြားရှိ စေတီဖြစ်သည်။ ပထမဖြစ်လိုခြင်း၊ ဦးဦးဖျားဖျားဖြစ်လိုခြင်း တို့အတွက် ဆုတောင်းရာဌာန ဖြစ်သည်။ ဒါယကာမှာ ရွှေဆံတော် စေတီတော်မြတ်ကြီး၏ ဒုတိယဒါယကာ ဒွတ္တပေါင်မင်းကြီး ဖြစ်သည်။ ဒွတ္တပေါင် မင်းကြီးသည် ဒုတိယမြောက် ဘုရားဒါယကာအဖြစ် ဆံတော် ရှင်မြတ်အား ပြန်လည်မွမ်းမံ တည်ဆောက် လှူဒါန်းရာတွင် ဆံတော်မြတ် (၄)ဆူနှင့် အခြား ဓာတ်တော် မွေတော်တို့ကိုလည်း ဌာပနာထည့်သွင်းပူဇော်သည်။ ရွှေဆံတော် စေတီတော်မြတ်ကြီး၌ ဌာပနာတိုက်( ၇ )တိုက် ရှိပါသည်။ဆံတော်(၄)ဆူမှာ တတိယ ဌာပနာတိုက်တွင် ကိန်းဝပ်တော်မူသည်။ဆံတော်မြတ် ကိန်းဝပ် စံပယ်တော်မူရန် ရတနာညောင်စောင်းတော် (၂)ခုခင်း၏။ထိုညောင်စောင်း ပေါ်တွင်ရတနာ ပလ္လင်တစ်ခုစီ ခင်းသည်။ကြုတ်(၈)ထပ်ဖြင့် ထည့်သွင်း ပူဇော်ထားသော ဆံတော်(၂)ဆူစီကို ထိုပလ္လင် တစ်ခုစီ၌ ပူဇော်ထားပါသည်။ဌာပနတိုက်တော်သည် အဖိုးထိုက် အဖိုးတန် ရတနာများဖြင့် စီမံထားသည် ဖြစ်သော ကြောင့် မသမာသူ တို့က နှောက်ယှက်ဖျက်စီးလာလျှင် တားဆီးကာကွယ်ရန် ဓားစက်၊ လှံစက်၊ မီးစက်၊ လေစက်၊ ယန္တရားများကို ရှေးခေတ် မြန်မာယန္တရားအတတ်ပညာရှင်များက စီစဉ်ထားရှိခဲ့သည်။ ဌာပနာ တိုက်သို့ ဝင်ရောက်ရာ ဥမင်လမ်းထိပ်သည် စက်ဦးစေတီတော် အောက်တွင်ဖြစ်သည်။ထိုကြောင့်ပင် စက်ယန္တရား ဥမင်လမ်းထိပ်တွင် တည်ထားသော စေတီတော်ကို စက်ဦးစေတီတော်ဟု ဘွဲ့အမည်တော်သတ်မှတ် ထားခြင်းဖြစ်သည်။စက်ဦး စေတီတော်သည် မုခ်ပေါက် တစ်ပေါက်သာပါရှိသော တစ်ဝဂူ စေတီမျိုးဖြစ်သည်။လှိုဏ်ဂူအတွင်း၌ ဗုဒ္ဓ ဆင်းတုတော် တစ်ဆူသီတင်းသုံးတော်မူသည်။မုခ်ဝမှ တောင်ဘက်သို့ မျက်နှာပြု ထားသည်။၁၃၂၇ခုနှစ်တွင် ရွှေဆံတော်စေတီတော်ဂေါပကအဖွဲ့ဝင် ဦးကျင်+ ဒေါ်ကျင်စိန် မိသားစုတို့က ပြုပြင်မွမ်းမံ ကုသိုလ်တော်ယူခဲ့ကြသည်။ ဂေါပကအဖွဲ့ရုံး နှင့်ပြတိုက် အနီးတွင် တည်ရှိသည်။



ဒုတိယအောင်မြေ


အောင်မြေဌာန- စိန္တာမယအောင်မြေ

တည်ရှိရာနေရာ-တနင်္ဂနွေထောင့်၊ ဂဠုန်ရုပ်ရှေ့၊ ဒွတ္တပေါင်မင်း ခေါင်းလောင်း ဘေး၌ရှိသည်။ နတ်မျက်စိကဲ့သို့ မြင်စွမ်း နိုင်သော အဘိညာဉ်ပေါက် ဆုတောင်းရာ ဌာနဖြစ်သည်။ဒွတ္တပေါင်မင်းကြီး၏ ကောင်းမှုတော်စေတီဖြစ်သည်။မုခ်ဝလေးမုခ်၊ စေတီရံ(၄)ဆူတို့ ပါရှိသည်။လှိုဏ်ဂူအတွင်း၌ ဆုတောင်းပြည့် နောင်တော် ရုပ်ပွားတော်မြတ် သီတင်းသုံးသည်။ရွှေဆံတော်စေတီတော်ဘက်သို့ မျက်နှာတော်ပြုထားသည်။

abc

























တတိယအောင်မြေ



အောင်မြေဌာန-ဝရပရိပုဏ္ဏ အောင်မြေ (ဆုတောင်းပြည့်ညီနောင်ရုပ်ပွားတော် ၂ဆူ)
တည်ရှိရာနေရာ-ဒွတ္တပေါင်မင်း တည်ထားခဲ့သော ဆုတောင်းပြည့်ညီနောင် ရုပ်ပွားတော် ၂-ဆူ၊ အရှေ့ဘက်သို့ မျက်နှာ မူသော ရုပ်ပွားတော်ကညီတော်၊ အနောက် ဘက်သို့ မျက်နှာမူသော ရုပ်ပွားတော်က နောင်တော်၊ ငယ်သူက အရှေ့၊ ကြီးသူက အနောက်၌ အဓိဋ္ဌာန်ဝင် ဆုတောင်းကြရသည်။ဒွတ္တပေါင်မင်းကြီး၏ ကောင်းမှုတော်စေတီဖြစ်သည်။ဆုတောင်းပြည့် နောင်တော်ရုပ်ပွားတော်မြတ် နှင့်ကျောချင်းကပ်၍ တည်ထားသည်။လှိုဏ်ဂူအတွင်း၌ ဆုတောင်းပြည့်ညီတော် ရုပ်ပွားတော် သီတင်းသုံးသည်။ဆယ်ထပ်ကြီး ရုပ်ပွားတော်မြတ်ကြီးဘက်သို့ မျက်နှာတော် ပြုထားသည်။ကိုးနဝင်း အောင်မြေ တန်ဆောင်းအနီးတွင် တည်ရှိသည်။ဒုတိယအောင်မြေ၊ တတိယအောင်မြေ ညီနောင် နှစ်ဖော် ရုပ်ပွားတော်(၂)ဆူ၏ ရှေ့တော်မှောက်တွင် ဒွတ္တ‌ပေါင်မင်းကြီး၊အလောင်းမင်း တရားကြီး စသည်ဖြင့် မင်းအဆက်ဆက် တို့ဆုတောင်း အဓိဌာန်ပြု ခဲ့ကြပြီး နိုင်ငံတော်အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် နိုင်ခဲ့ကြသည်။ ရတုဘုရင်စာဆိုရှင် ပြည်နဝဒေးကြီးက လူများနတ်ရှင် ၊ မြသိတင်နှင့် ၊ တပြင်မခြား၊ ရှေ့ယွန်းနားဝယ်၊ တရားဘုန်းခေါင်၊ ဒွတ္တပေါင်ဟု၊ ပြည်ထောင်များနတ်၊ တည်ခင်းမှတ်သည်၊ လျှံပတ်ညီးညီး၊ ခြောက်သွယ်စီးသား၊ ရွှေထီးရွှေတိုင်၊ ရွှေဆိုင်တခဲ၊ လှိုဏ်နန်းထဲက၊ ရဲရဲထွန်းပြောင်၊ ကိုယ်တော်ရောင်ဖြင့်၊ ညီနောင်နှစ်ဖော်၊ ကျွန်းလုံးကျော်သည်၊ မည်တော် ဆုတောင်းပြည့်တကား ဟူ၍ ကိုယ်တွေ့ဖြစ်ရပ်ကို မှတ်တမ်း ထိုးခဲ့သည်။ ဤဒုတိယအောင်မြေ နှင့် တတိယအောင်မြေတို့၏ ထူးခြားချက်တစ်ရပ်မှာ ဒုတိယ အောင်မြေတွင် ဆုတောင်းပြီး တတိယအောင်မြေတွင် အဓိဌာန်ပြုခြင်း ဖြစ်သည်။ဒုတိယအောင်မြေတွင် ဤဆု ဤဆု တို့နှင့် ပြည့်စုံပါစေသားဟု ဆုတောင်းပြီး တတိယ အောင်မြေတွင် ဤဆု ဤဆု တို့နှင့် ပြည့်ပါရခြင်း အလို့ငှာ (ဥပမာ) အရဟံ ဂုဏ်တော်ကို ပုတီး (၉)ပတ်(၉)ရပ်စိတ်ရန် အဓိဌာန်ပြုပါသည်ဟု အဓိဌာန်ပြုရခြင်း ဖြစ်သည်။ထိုကဲ့သို့ ဆုတောင်း အဓိဌာန်ပြုပါက ကောင်းမြတ်လှသော အကြံအစည် အလုပ်ကိုင်ဟုသမျှ ပြည့်ဝကြောင်း တတ်သိ နားလည်သူတို့မှ မိန့်ဆိုကြပါသည်။ဆုတောင်းပြည့် စေတီ၏ လှိုဏ်ဂူအတွင်း သီတင်းသုံးစံပယ်နေတော်မူသည့် ညီနောင် နှစ်ဖော်ကျွန်းလုံးကျော် ရုပ်ပွားမြတ်(၂)ဆူအား ရွှေသင်္ကန်း ကပ်လှူခြင်းနှင့် ဝေယျာဝစ္စကုသိုလ် အစုစုတို့ကို ဘူးစိမ်းကြီးလက်ဖက်ခြောက် ကုန်သည်ကြီး ဦးဘဦး (ရွှေဆံတော် ဂေါပကဥက္ကဌ) ဇနီး ဒေါ်ခင်ရီ မိသားစုတို့က ကုသိုလ်တော်ယူ လှူဒါန်းထားကြသည်။





စတုတ္ထအောင်မြေ

အောင်မြေဌာန- သစ္စာဓိဋ္ဌာန်အောင်မြေ(ခြေရာတစ်တောင်မောင်မဲခေါင်လိုဏ်ဂူ)
တည်ရှိရာနေရာ- ရွှေဆံတော် စေတီတော် အရှေ့ယွန်းယွန်း၊ အရှေ့ဘက် စောင်းတန်းထိပ်၊ တောင်ဘက်၌ တည်ရှိသည်။ ခြေရာတစ်တောင် မောင်မဲခေါင် လိုဏ်ဂူ၊ ဘယ်ညာအမှန် ခွဲ၍ အမျိုးသားညာဘက်၊ အမျိုးသမီး ဘယ်ဘက်၌ အဓိဋ္ဌာန်ဝင် သစ္စာဆိုရသည်။ခြေရာတစ်တောင် မောင်မဲခေါင် အဓိဌာန်ဂူ ဖြစ်သည်။ဂူအမိုးပေါ်တွင် ပုဂံရွှေစည်းခုံပုံတော် စေတီငယ် တစ်ဆူ တည်ထားသည်။ ထိုစေတီငယ်၏အလှူရှင်မှာ ပြည်မြို့၊လမ်းမတော်လမ်းနေ၊ ရွှေဦးလူကလေး+ ဒေါ်သိန်းချစ် နှင့် သားသမီးမြေးတစ်စုတို့ ဖြစ်သည်။ သာသနာတော်နှစ် ၁၈၃၄၊ ပုဂံသက္ကရာဇ် ၆၅၈၊ ခရစ်နှစ် ၁၂၉၆၊ တန်ဆောင်မုန်း လဆန်း(၁၀)ရက် ရွှေဆံတော် ဘုရားပွဲတော်ကျင်းပနေစဉ် ပြည်ဘုရား ကျစွာမင်း၏ ဖိတ်ကြားချက်အရ သာယာဝတီ ဘုရင်သတိုးနော်ရထာ သုံးမြို့ရှင်သည် ဆင်တော်လော်ရှိန်းစီး၍ လူစွမ်းကောင်း ကိုယ်ရံတော်ဗိုလ်မှူး ဟတ္တိဇေယျဗလဘွဲ့ခံ မောင်မဲခေါင်နှင့်အတူ ပြည်ရွှေဆံတော်သို့ အဖူးမြော် ရောက်သည်။ရှေးမင်းများ တက်ရောက်ကြရာ အရှေ့ဘက်စောင်းတန်းမှ တက်ရောက်၍ ရင်ပြင်တော်ပေါ်ရှိ အရှေ့ဘက်အာရုံခံတန်ဆောင်းမှ ရွှေဆံတော် စေတီတော် မြတ်ကြီးအား ဖူးမြော်ကြည်ညိုသည်။ဗိုလ်မှူးမောင်မဲခေါင်လည်း ဘုရားကြည်ညိုသည်။ ထို့နောက် မိမိရည်မှန်းချက်များ အောင်မြင်ပြီး သာသနာပြု ပုဂ္ဂိုလ်ကျော်မှန်ကန်ပါက မိမိခြေရာသည်ဤနေရာ၌ ထင်ပါစေသား ဟု အဓိဌာန် ပြုသည်။အဓိဌာန်ပြုသည့်အတိုင်း တစ်တောင်ခန့်ရှိသော ခြေရာနှစ်ခုသည် ကျောက်သားပေါ်တွင် ပကတိ ထင်သည်။ ယခု ကျောက်သားပေါ်တွင် ထင်ကျန်ရစ်သည့် ‌ခြေရာနှစ်ခုနေရာကို ကျောက်အင်္ဂတေ တို့ဖြင့် ဖုံးအုပ်၍ ခြေရာတုနှစ်ခုပြုလုပ်ထားသည်။ယင်းခြေရာပေါ်မှ လှိုဏ်ဂူကို တည်ဆောက် ကာ လှိုဏ်ဂူပေါ်တွင် ရွှေစည်းခုံ ပုံစေတီငယ်ကို တည်ထားခြင်းဖြစ်သည်။ခြေရာတစ်တောင်မောင်မဲခေါင်အဓိဌာန်ဂူသည် အနောက်ဘက်သို့ မုခ်ဦးလှည့်ထားသည့် တစ်ဝဂူ ပုံစံမျိုးဖြစ်သည်။သာသနာ့နုဂ္ဂဟ အသင်းတော် တည်ရှိရာ ရွှေဦးလူကလေးဓမ္မာရုံအတွင်း မှတဆင့် ဂူအတွင်းသို့ ဝင်သွားနိုင်သည်။လှိုင်ဂူအတွင်း၌ ဗုဒ္ဓဆင်းတုတော်မြတ်(၃)ဆူ သီတင်း သုံးတော်မူပေသည်။ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့၏ရှေ့၌ ကျောက်အင်္ဂတေဖြင့်ပြုလုပ်ထားသော ခြေရာကြီးနှစ်ခု တွေ့ရမည်။ခြေရာပုံစံ တစ်ခုသည် ‌ယောင်္ကျားကြီးတစ်ယောက်က တင်ပျဉ်ခွေ လျက် ကောင်းကောင်းထိုင်နိုင်သည်။ ခြေရာပုံပေါ်တွင် တင်ပျဉ် ခွေထိုင်ပြီး ပုတီးစိတ်နေသူတို့ကို တွေ့ခဲ့ရသည်။
































ပဉ္စမအောင်မြေ



အောင်မြေဌာန- စတုသစ္စကရဏီယအောင်မြေ(နောင်တော်ကြီးရုပ်ပွားတော်)
တည်ရှိရာနေရာ- ရွှေဆံတော်စေတီတော် တောင်ယွန်းယွန်း၊ ဦးကြံလှိုင် တန်ဆောင်း အနီး၌ တည်ရှိသည်။နောင်တော်ကြီး ရုပ်ပွားတော် လိုဏ်ခံစေတီအတွင်း၊ အရှေ့တောင်၊ ဦးလူကလေး တန်ဆောင်းနှင့် ဦးကြံလှိုင် တန်ဆောင်းအကြား၊ ခေါင်းလောင်း သုံးလုံးတန်းမှ ကပ်၍ဝင်ရသည်။ ဓာတ်- ၄-ပါး၊သစ္စာ ၄-ပါး၊ ရေ၊ မြေ၊ လေ၊ မီး ဓာတ်ကြီးလေးပါး အောင်ကိန်း ဆင်ရာ ဌာနဖြစ်သည်။နောင်တော်ကြီးစေတီတော်ဖြစ်သည်။သရေခေတ္တရာခေတ်ရှေးဟောင်း သမိုင်းဝင် စေတီဖြစ်သည်။ အလှူရှင်မှာ ဒွတ္တပေါင် မင်းကြီးပင်ဖြစ်သည်။ ရွှေဆံတော်စေတီတော်မြတ်ကြီး၏ အရှေ့ဘက် ရင်ပြင် တော်ပေါ်ရှိ ရွှေဦးလူကလေးတန်ဆောင်းနှင့် ဦးကြံလှိုင်တန်ဆောင်းနှစ်ခု ကြား ခေါင်းလောင်း(၄)လုံး ချိတ်ဆွဲ ထားရာ ကြားလမ်း ကလေးမှ အရှေ့ဘက်သို့မျှော်လိုက်လျင် နောင်တော်ကြီးစေတီတော်အား ဖူးတွေ့ရသည်။ လှိုဏ်ဂူ အတွင်း၌ ဉာဏ်တော် မြင့်မားပြီး ကြည်လင်အေးမြဖွယ် ပြုံးရွှင်နေသောမျက်နှာတော်ဖြင့် ဗုဒ္ဓဆင်းတုတော် တစ်ဆူ သီတင်းသုံး လျက်ရှိသည်။တရားထိုင် အဓိဌာန်ပုတီးစိတ်သူများနှင့် အထူးစည်ကားသော နေရာထူးပင်ဖြစ် သည်။








ဆဌမအောင်မြေ



အောင်မြေဌာန- မာန်ပြေရန်ပြေစခန်းအောင်မြေ(ပုံတော်ဦးစေတီ)
တည်ရှိရာနေရာ- ရွှေဆံတော် စေတီတော် တောင်ထောင့်၊ တောင်ဘက် စောင်းတန်းအနီး ၌ တည်ရှိသည်။ပုံတော်ဦးစေတီ၊ ခြင်္သေ့ထီးဆောင်း၊ ရန်ပေါင်းဖြိုခွင်း၊ ခြင်္သေ့ ၄- ကောင်၌ ထီးဆောင်း၍ ဆုတောင်းပြုရသည်။































သတ္တမအောင်မြေ



အောင်မြေဌာန- ပညာစခန်းအောင်မြေ ( ပတ္တမြားမျက်ရှင် ၊ ဝလက်ယှက် ရုပ်ပွားတော် )
တည်ရှိရာနေရာ- ရွှေဆံတော်စေတီတော် တောင်ဘက်၊ စွယ်တော် တိုက်မြောက်ဘက်၊ သံတိုင်အတွင်း၌ တည်ရှိ သည်။ပတ္တမြားမျက်ရှင်၊ ဝ လက်ယှက်၊ ဝ-လေးလုံးရုပ်ပွားတော်၊ စွယ် တော်တိုက်ရှေ့၊ သံ တံတိုင်းအတွင်း၊ ဓာတ်ယှက်၊ ဓာတ်တွဲ၊ ဓာတ်သုဉ်း ကိန်းဆင်ရာ ဌာနဖြစ်သည်။










အဌမအောင်မြေ



အောင်မြေဌာန- သတိပေးရာ | အောင်မြေ (သိကြားစောင်း ပိုက်)
တည်ရှိရာနေရာ- ရွှေဆံတော်စေတီတော် မြောက်ဘက်အာရုံခံ၏ အနောက်ဘက်၊ သံတံ တိုင်းအတွင်း၌ တည်ရှိ သည်။သိကြားစောင်းပိုက်၊ မြောက်ဘက် အာရုံခံမုခ်ဦး၏ အနောက် ဘက်၊ သံ တံတိုင်းဝင်းအတွင်း၊ သိဒ္ဓိအဓိဋ္ဌာန် ညှိနှိုင်းသတိပေးရာ၊ မလျော့ မတင်း စောင်းကြိုးညှင်းဟူသော ဆိုရိုး နှင့်အညီ သိဒ္ဓိအဓိဋ္ဌာန် ညှိနှိုင်းသတိပေးရာဌာန (တင်းလျှင်ပြတ်၊ လျော့လျှင်ပတ်၊ လွန်လျှင်ရူး၊ တန်လျှင်ထူး၊ ကျန်လျှင်မထူး၊ တန်လျှင် လက်ငင်း၊ ကျန်လျှင်အရင်း)











































နဝမအောင်မြေ



အောင်မြေဌာန- သိဒ္ဓိရောပနစခန်း | အောင်မြေ (အရဟံသိဒ္ဓိ၊ သိဒ္ဓိအရဟံ)
တည်ရှိရာနေရာ- ရွှေဆံတော်စေတီတော် အနောက်မြောက်ယွန်း ယွန်း၊ ဓာတ်လှေကား စောင်းတန်းအနီး၌ တည်ရှိသည်။အရဟံသိဒ္ဓိ၊ သိဒ္ဓိ အရဟံ-တစ်ဝဂူဘုရား၊ အထက်မြောက် စောင်းတန်းဦးနှင့် ဓာတ်လှေကား အထွက် ဆုံစည်းရာ၊ တောင်မြောက်တန်း နေသော ညီနောင်လိုဏ်ဂူဘုရား။